နတ်မောက် ဇွန် ၂၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံး ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးဦးမျိုးဆွေက ကြက်ခြေနီအဖွဲ့ဝင် (သို့မဟုတ်) တပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်လျှောက်ထားနိုင်ကြောင်းနှင့် ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများအကြောင်း ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့် ပေးခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းသား/သူ (၃၀)ဦးဖြင့် သင်တန်းကာလမှာ (၄)ရက်ကြာ သင်ကြား ပေးခဲ့ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)