နတ်တလင်း ဇွန် ၂၀
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းမြို့နယ် ခရိုင်အဆင့်တိုးမြှင့်ရန် ဆောင်ရွက်ထားရှိမှုနှင့် မိုးစပါးစုပေါင်းထွန်ယက်စိုက်ပျိုးပွဲအား ယမန်နေ့ညနေ ၃နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့ တံခွန်တိုင်ကျေးရွာအုပ်စု၊ တံခွန်တိုင်အနောက်စုကျေးရွာ၊ ရန်ကုန်-ပြည်ကာလမ်းဘေးရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအရင်းအမြစ် စီမံခန့်ခွဲရေးဦးစီးဌာနရုံးသို့ ရောက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ အဆိုပါရုံးဝန်းအတွင်း ယာယီခရိုင်ရုံးများထားရှိမည့် အခြေအနေနှင့် နတ်တလင်းမြို့ပေါ်ရှိ နိုင်ငံတော်မှစီမံပိုင်ခွင့်ရှိသည့် မြေနေရာအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှလိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျတ်ခတ်ဝါးရုံးကျေးရွာအုပ်စု၊ ကျခတ်ဝါးရုံးကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ကွင်းအမှတ် ၂၅၉ စံပြလယ်မြေ ပေါ်တွင် မိုးစပါးစုပေါင်းထွန်ယက်ပွဲအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားများပြောကြားကာ တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး