ရှမ်းရွာသစ်မြို့တွင် လူကြိုက်များသည့် ရာသီပေါ်တညင်းသီးဈေးကောင်းရရှိ

ရှမ်းရွာသစ်   ဇွန်   ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် စားသုံးမှုများပြီး လူကြိုက်များသည့် ရာသီပေါ်အစားအစာ နှစ်ရှည်ပင်သီးနှံတညင်းသီးသည် မိုးဦးကျကာလတွင် စတင်၍ထွက်ရှိပြီး ယခုအချိန်တွင် တေသနေပြည်သူများ တစ်ပိုင်တစ်နိုင် တညင်းသီးခူးဆွတ်ရောင်းချ၍ အပိုဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

နှစ်ရှည်သီးနှံပင် တညင်းသီးသည် ရာသီဥတုနှင့် သဘာဝတောတောင်ရေမြေအနေအထားအရ မြို့အတွင်းရှိ ကျေးရွာများတွင် သဘာဝအတိုင်း တောတောင်ခြံမြေများ၌ ရှင်သန်ဖြစ်ထွန်းလျက်ရှိပြီး နှစ်စဉ် တညင်းသီးပေါ်ချိန်တွင် တေသနေပြည်သူများ တစ်ပိုင်တစ်နိုင် ခူးဆွတ်ရောင်းချခြင်းဖြင့် ဝင်ငွေ များစွာရရှိချိန် လည်းဖြစ်ကြောင်း သိရသည်။

အဆိုပါတညင်းသီးများမှာ ယခင်နှစ်တွင်အသီးအရွယ်အစားပေါ်မူတည်၍ အခွံပါတစ်ပြည်လျှင် (၁၀၀၀)ကျပ်၊ အခွံချွတ်တစ်ပြည်လျှင်(၁၅၀၀)ကျပ်၊ တစ်တင်း (၂၀၀၀၀)ကျပ်ရောင်းချရမှ ယခုနှစ်တွင် တညင်းသီးအထွက်နှုန်း နည်းပါးမှုကြောင့် အခွံပါတစ်ပြည်လျှင် (၁၈၀၀)ကျပ်မှ (၂၀၀၀)ကျပ်အထိ တစ်တင်း (၃၀၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ တောတောင်ခြံမြေများတွင် သဘာဝအတိုင်း ရှင်သန်ကြီးထွားဖြစ်ထွန်းမှုကြောင့် စားသုံးသူများစွာကြိုက်နှစ်သက်လေ့ရှိပြီး နှစ်စဉ်ရောင်းဝယ်မှုများ ပိုမိုအားကောင်းလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုကြောင့် မြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ မြို့အတွင်းသို့ သယ်ဆောင်၍ လာရောက်ရောင်းချ ကြောင်း၊ အခြားသောတညင်းသီးကုန်သည်များမှ နှစ်စဉ်လာရောက်၍ ဝယ်ယူသယ်ဆောင်လေ့ရှိပြီး ပြန်လည်ရောင်းချကြောင်း၊  ယခုအချိန်သည် တညင်းသီးပေါ်ချိန်ဖြစ်၍ အပိုဝင်ငွေရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေကြောင်း တညင်းသီးခူးဆွတ်ရောင်းချသည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)