ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ရွှေတောင် ဇွန် ၂၀

ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက  စာအုပ်စာပေ ဝါသနာရှင်များအသင်း Book Club နှင့် ပူးပေါင်း၍ စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင် ) ရေးသားထားသော “မမဆိုသောသမီးကြီး” စာအုပ်ဖြင့် မုဒိတာ စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မုဒိတာစာဖတ်ဝိုင်း ဥက္ကဋ္ဌ ဒေါ်ခင်ယုနိုင်၊ အေပရယ်ယုနိုင်(ရွှေတောင်)က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က စာဖတ်ဝိုင်း ဆောင်ရွက်ရ သည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူ ကြရန်နှင့် စာဖတ်ဝိုင်းများကိုလစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စာအုပ်နှင့်ပတ်သက်၍ စာရေးဆရာ ထွန်းအေးကြိုင်နှင့် စာရေးဆရာ မောင်အေးငြိမ်း(သရက်)တို့က စာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးကြပြီး  စာရေးသူ ဆရာမကြီး အေပရယ်ယုနိုင်(ရွှေတောင်) အဆိုပါစာအုပ်အား မျိုးဆက်သစ် လူငယ်များအား ‌ဖတ်မှတ်လေ့လာဆင်ခြင်နိုင်ကြရန်၊ ဗဟုသုတရရှိစေရန် ရည်ရွယ်ရေးသားခြင်းဖြစ်ကြောင်း  ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း