ဒိုက်ဦးမြို့နယ် ရေလဲကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာချက်သင်တန်း ဖွင့်လှစ်သင်ကြား

ဒိုက်ဦး ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ စစ်ဘိုကြီးကျေးရွာအုပ်စု၊ ရေလဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာချက်သင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

မြို့ကြီးတွေတွင် အချိန်ကုန်၊ ငွေကုန်ခံ၍ သင်ကြားရမည့် သက်မွေးဝမ်းကြောင်းပညာရပ်ကို ယခုလိုရွာငယ်လေးတွင် ကွင်းဆင်းသင်ကြားပေးသည့်အတွက် သက်ဆိုင်ရာဌာနများအား အထူးကျေးဇူးတင်ပါကြောင်း၊ ယခုလုပ်ငန်းသည် အိုးမကွာ၊ အိမ်မကွာဖြင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းဖြစ်သည့်အပြင် အလုပ်လက်မဲ့ပြဿနာအား တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးရာ ရောက်ပါကြောင်း၊ သင်ထောက်ကူပစ္စည်းများ၊ ပညာရပ်များအား ထောက်ပံပေးအပ်သည့် အတွက် ကျေးဇူးတင်ပါကြောင်း သင်တန်းသူတစ်ဦးက ပြောကြားခဲ့ပါသည်။

 အဆိုပါသင်တန်းကို ဇွန်လ ၁၄ ရက်နေ့မှ ၂၃ ရက်နေ့အထိသင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသား ၂၅ ဦးအား အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ယုယုမော်က ဆပ်ပြာချက်လုပ်နည်း သင်ကြားပေးလျက်ရှိသည်။

မြို့နယ်(ပြန်/ဆက်)