မြို့သစ် စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံအေးချမ်းစွာ မဲပေးနိုင်ရေးအတွက် အထူးရဲများ ခန့်အပ်အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ပြီးမြောက်နိုင်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့သစ်နယ်မြေမှာ မဲရုံ ၁၅ ရုံလျာထားတာရှိပါတယ်၊ အဲ့ဒီ မဲရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် အထူးရဲတွေကိုလည်း ခန့်ထားဖို့ လျာထားပါတယ်။ အထူးရဲတွေကို အခြေခံ ရဲတပ်ဖွဲ့ဝင်တစ်ဦး ခံစားတဲ့ လစာအကျိုး ခံစားခွင့်တွေကို ပေးပြီးတော့မှ ခန့်ထားမှာဖြစ်ပြီး လုပ်ငန်းတာဝန်များကို ထမ်းဆောင်စေမှာ ဖြစ်ပါတယ်ဟု မြို့သစ်မြို့၊ နယ်မြေ ရဲစခန်းမှူး ရဲအုပ်ဇော်မင်းလှိုင်က ပြောကြားသည်။
အဆိုပါ အထူးရဲများအနေဖြင့်သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေး တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့အနေဖြင့်လည်း ရွေးကောက်ပွဲ ကျင်းပနေစဥ် မဲရုံပရဝုဏ် နှင့်ကိုက်(၅၀၀) အတွင်း အသံချဲ့စက်များ ဆူညံစွာ ဖွင့်လှစ်မှုမရှိစေရေး၊ ဆန္ဒမဲပေးမည့် ပြည်သူများအား မဲမပေးနိုင်အောင် နှောင့်ယှက်ခြင်းများ မရှိစေရေး၊ မဲရုံပတ်ဝန်းကျင်တွင် ဆူညံခြင်း၊ မူးယစ်သောက်စားခြင်းများမရှိစေရေးအတွက် လုံခြုံရေးဆိုင်ရာများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်သည်။
တမူးခရိုင်တွင် ၂၀၂၀-ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲရုံ(၇၂) ရုံ လျာထားပြီး အထူးရဲများအား တမူးမြို့နယ်တွင်(၃၃) ဦ:၊ ခါမ်းပါတ်မြို့တွင်(၂၄) ဦး၊ မြို့သစ်မြို့တွင်(၁၅) ဦး၊ စုစုပေါင်း အထူးရဲ(၇၂) ဦ:ကို ခန့်အပ်အသုံးပြုသွားမည်ဖြစ်ပြီး အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာလျှင် အသုံးပြုနိုင်ရန် အရန်ရဲများလည်း လျာထား ကြောင်း တမူးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
အဆိုပါ အထူးရဲများကို ၂၀၂၀-ပြည့်နှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှစ၍ နိုဝင်ဘာ(၁၅) ရက်နေ့ အထိ ခန့်အပ် တာဝန်ပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် မြန်မာနိုင်ငံ ရဲတပ် ဖွဲ့၌ ဆက်လက်တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိပါက သတ်မှတ်ချက်များနှင့် ညီညွတ်လျှင် လျှောက်ထားနိုင် ကြောင်း သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)