မြင်းမူ စက်တင်ဘာ ၈
တောင်သူနည်းပညာပေးလုပ်ငန်းအဖြစ် သဘာဝမှရရှိသော သစ်ရွက်ခြောက်များဖြင့် သဘာဝမြေ ဩဇာပြုလုပ်သုံးစွဲနည်း လက်တွေ့ပြသခြင်းကို ယမန်နေ့က စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့ မအရှေ့ကွင်း၊ ကွင်းအမှတ်(၃၄၂) ၊ ခြံစိုက်ပျိုးရေးလုပ်ကိုင်နေသူ ပိုင်ရှင်ဦးကျော်သန်း၏ သရက်ခြံတွင် ပြုလုပ်ခဲ့သည်။
စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူများအတွက် မိမိတို့စိုက်ပျိုးရေးလုပ်ကိုင် နေသည့်နေရာမှထွက်ရှိလာသည့်၊ သဘာဝပစ္စည်းများဖြင့် တန်ဖိုးရှိသောသဘာ ဝမြေဩဇာများ ပြုလုပ်သုံး စွဲတတ်သည့်အလေ့အကျင့်ကောင်းများ ရရှိရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ သစ်ရွက်ဆွေးမြေဩဇာ (ဘိုကာရှီ) သဘာဝမြေဩဇာသုံးစွဲခြင်းကြောင့် အပင်များ၏ ဖွံ့ဖြိုးတိုးပွားမှုများပြားစေခြင်း၊ အဖူး၊ အပွင့် အသီးကြွေကျမှုနည်းပါးစေခြင်း၊ ပင်ဖျက်ပိုးတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကွင်းတာဝန်ခံ ဒေါ်သဲသဲအောင်ထံမှသိရှိရသည်။
သစ်ရွက်ဆွေးမြေဩဇာပြုလုပ်မှုအနေဖြင့် လွယ်ကူရိုးရှင်းကြောင်း၊ နေရောင်ခြည်တိုက်ရိုက်မထိ နိုင်သည့်အရိပ်ရသည့်နေရာတွင် အလျှား(၆)ပေ၊ အနံ(၃)ပေ ၊ အမြင့်(၆)လက်မရှိသော သစ်ရွက်ဆွေး(၁) လွှာပုံကာ (၁)လွှာခြင်းပေါ်တွင် ရောစပ်ပြီး(EM)ဖျော်ရည်(၃)ဂါလံပက်ဖြန်းပေးရန်လိုကြောင်း၊ ထို့နောက် နွားချေးနှင့်ဖွဲနု(၈)ပြည်ကိုရောစပ်ကာပါးပါးဖြူးပေးရကြောင်း၊ ယင်းပုံစံအတိုင်းအလွှာ(၆)လွှာထပ်ပုံးကာ အပေါ်မှ ပလပ်စတစ်ဖြင့်လုံခြုံစွာဖုံးအုပ်ထားရန်လိုကြောင်း၊ (၅)ရက်ခန့်ကြာသည့်အခါ ယင်းမြေဆွေးပုံ ကိုလက်ဖြင့်စမ်းကြည့်၍ အလွန်ပူနေလျှင် အထက်အောက်လှန်ကာ ရေဖြန်းပေးရန်လိုအပ်ကြောင်း၊ (၁၀) ရက်ခန့်ကြချိန်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရှိရသည်။
သဘာဝသစ်ရွက်ဆွေး မြေဩဇာအသုံးပြုခြင်းဖြင့် သစ်ပင်များ၏ လိုအပ်ချက်များကို အထောက်အ ကူပြုသည့်အပြင် သွင်းအားစု ဆေးဝါးသုံးစွဲမှုကိုလည်းလျှေ့ချလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)