ဝက်လက်မြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၁၅၀၀) ဧက ကို (CERP) အစီစဉ်ဖြင့် စိုက်ပျိုးပြီးစီး

ဝက်လက် စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ၂၀၂၀ ခုနှစ် မိုးစပါး ရာသီတွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီစဉ် (CERP) ဖြင့်မျိုး စေ့ထုတ် ဧက (၁၅၀၀) ကို စိုက်ပျိုးပြီးကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ တောင်သူများအတွက် မျိုးသန့်စပါး လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု (၄၇) အုပ်စု၊ တောင်သူ (၄၂၅) ဦး ကိုမျိုးသန့်စပါး စိုက်ပျိုးထုတ်သည့် နည်းပညာများကို သင်တန်းပေးဆောင်ရွက်ခဲ့သည်။ မျိုးကွဲ စပါးများ အနေဖြင့် ပေါ်ဆန်းရင် (၁၃၅၀) ဧက၊ ဧရာမင်း (၅၀) ဧက၊ ရက် (၉၀) (၁၀၀) ဧက စုစုပေါင်း (၁၅၀၀) ဧက ကို စိုက်ပျိုးပြီးကြောင်းနှင့် လာမည့် နှစ်မိုးရာသီတွင် ဝက်လက်မြို့နယ် အတွင်း မျိုးသန့်စပါး လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန်ရည်ရွယ်၍ ဆောင်ရွက် နေကြောင်းကို ဝက်လက်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးလှမိုးကျော် ၏ ပြောကြားချက်အရ သိရသည်။

 စိုးစိုးလှိုင် (ဝက်လက်)