လက်ပံတန်းမြို့နယ်တွင် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်

လက်ပံတန်း ဇွန် ၁၉

လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု (Community Centre) ခန်းမ၌  ကျင်းပခဲ့သည်။

ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူးဦးမောင်မောင်ကြီးက သင်တန်းသား၊ သင်တန်းသူများကို သင်တန်းအကြောင်း မိတ်ဆက်စကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား ရှေးသူနာပြုစုခြင်းအကြောင်း၊ လူနာဆန်းစစ်ခြင်း​အကြောင်းတို့အား သင်ကြားပို့ချခဲ့သည်။

အဆိုပါ သင်တန်းတွင် ရှေးဦးလူနာပြုစုခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း (CPR)၊ ဆို့နင့်ခြင်း၊ အဆိပ်ရှိသောသတ္တဝါများ၏ ကိုက်ခြင်း၊ တုပ်ခြင်း၊ သတိလစ်ခြင်း၊ ဦးခေါင်းဒဏ်ရာ၊ ကျောရိုးတန်းအကြီးဒဏ်ရာ၊ အခြေခံပတ်တီးစည်းနည်း စသည့်ဘာသာရပ်များကို သင်ကြားသွားမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ယနေ့မှ ဇူလိုင် ၁၀ ရက်အထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် ၉ နာရီမှ ၁၂ နာရီအထိ (၄) ရက် ကြာမြင့်မည် ဖြစ်ပြီး သင်တန်းသားသင်တန်းသူ (၇) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။        

မြို့နယ် (ပြန်/ဆက်)