ဒေးဒရဲမြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ဒေးဒရဲ ဇွန် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ စီမံကိန်းသီးနှံများ လျာထားဧကပြည့်မီကျော်လွန်ပြီး အထွက်နှုန်းကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်နှင့် ကျန်းမာရေးဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များအား သိရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀နာရီက ကုန်းတန်းကလေးကျေးရွာ၊ ‌ဗောဓိကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် စိုက်ပျိုးထုတ်လုပ်မှုကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ဝင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က စီမံကိန်းသီးနှံလျာထားဧကများပြည့်မီရေး၊ သီးနှံဖျက်ပိုးများ၊ သဘာ၀ဘေးအန္တရာယ်များ‌ကြောင့် ပျက်စီး ဆုံးရှုံးမှုမျာဖ မရှိစေရေးနှင့် သီးနှံအထွက်နှုန်းတိုးတက်မြင့်မားစေရေး နယ်မြေတာ၀န်ခံစိုက်ပျိုး ရေး၀န်ထမ်းများထံမှ နည်းပညာများ၊ အကြံဉာဏ်များရယူဆောင်ရွက်သွားရန်နှင့် အခက်အခဲ များရှိပါက ဆွေးနွေးတင်ပြပေးပါရန် အသိပညာပေးပြောကြားခဲ့သည်။

ဆက်လက်ပြီး သမဝါယမဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်စိုးစိုးညွန့်က စီမံကိန်းလျာထားသီးနှံများ စိုက်ဧကပြည့်မီရေးနှင့် စိုက်ပျိုးပြီးစီးသည့် သီးနှံဧကစာရင်းများ မှန်ကန်ရေးနှင့်ကျန်းမာရေးဆိုင်ရာများအား အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဒေသခံတောင် သူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြိုနယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးမြသိန်း‌ ဇော်က ပြန်လည်ဖြေကြားပေးခဲ့သည်။

ဒေးဒရဲမြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့(၁၂)ဖွဲ့ဖွဲ့စည်း၍ တာဝန်ကျသည့် ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်၍ တောင်သူများ၏ လိုအပ်သောနည်းပညာများနှင့် အခက်အခဲများအားသိရှိနိုင်ရေး အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေး/ကျန်းမာရေးဆိုင်ရာ နည်းပညာများဖြန့်ဝေပေးခြင်း လုပ်ငန်များအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း