ကြို့ပင်ကောက် ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့မှ ငါးဘာသာဂုဏ်ထူးရှင်နှင့် မိဘတို့၏ ရင်တွင်းစကားသံများကို အခုလိုပဲကြားသိခဲ့ရပါတယ်။
မသွန်းနဒီစံ( ၅ ဘာသာဂုဏ်ထူးရှင်)
“သမီးကတော့ ZENITH ကိုယ်ပိုင်အထက်တန်းကျောင်း ပညာသင်ယူနေတဲ့ကျောင်းသူ မသွန်းနဒီစံ ဖြစ်ပါတယ်၊ သမီးအခုလို ငါးဘာသာဂုဏ်ထူးရရှိခဲ့တဲ့အတွက် အရမ်းကိုဝမ်းသာရပါတယ် ပထမဆုံး သမီးရဲ့မေမေကို အရမ်းကျေးဇူးတင်ပါတယ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မေဦးနဲ့ ဘာသာရပ် သင်ဆရာဆရာမများအားလုံးကို အထူးကျေးဇူးတင်ပါတယ်၊ ဆရာ၊ဆရာမတွေရဲ့ ဂရုတစိုက် သင်ကြားပေးမှုကြောင့် သမီးငါးဘာသာဂုဏ်ထူးရရှိခဲ့တာဖြစ်ပါတယ်၊ အခုလိုအောင်မြင်ခဲ့တာက မူလတန်းကတည်းကသင်ကြားပေးခဲ့တဲ့ ဆရာဆရာမတွေအားလုံးကို ကျေးဇူးတင်ပါတယ်၊ သမီး အလယ်တန်းနှစ်မှာ အလကခွဲ ရန်ကုန်ပြည်လမ်းကျောင်းမှာတက်ခဲ့ပါတယ် သမီးရဲ့စီနီယာ အစ်မ ကြီး တစ်ဦးလူရည်ချွန်ဖြစ်ခဲ့တော့ သမီးလည်းသူလိုမျိုးလူရည်ချွန်ဖြစ်ချင်တဲ့စိတ်ကြောင့် ဖြစ်အောင် ကြိုးစားခဲ့ပါတယ်၊ သမီးလည်း အဋ္ဌမတန်းမှာ ခရိုင်အဆင့်လူရည်ချွန်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်၊ အဲလိုပဲ တက္ကသိုလ်ဝင်တန်းမှာလည်း ဂုဏ်ထူးတွေအများကြီးနဲ့အောင်မြင်ရမယ် ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့တာပါ၊ ဆေးတက္ကသိုလ်ဝင်ခွင့်ရရင်လည်း ဆရာဝန်ကြီးဖြစ်အောင်သမီးကြိုးစား သွားပါ မယ်၊ သူငယ်ချင်များကိုလည်း အောင်မြင်ချင်တဲ့စိတ်နဲ့ကြိုးစားရင် အောင်မြင်မှုတွေရမှာပါလို့ ပြောချင်ပါတယ်၊ သမီးရဲ့မိသားစု၊ ရပ်ကွက်၊ မြို့ရွာ၊ တိုင်းဒေသကြီးနဲ့ တစ်နိုင်ငံလုံးအတွက် အားကိုး အားထားဖြစ်ရတဲ့ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်အောင် သမီးကြိုးစားသွားပါမယ်။”ဟု ပြောကြားခဲ့သည်။
ဒေါ်ဆွေဆွေသန်း(မိဘ)
“ကျွန်မက ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်တန်းမှာ ငါးဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ မသွန်းနဒီစံရဲ့ မိခင်ဖြစ်ပါတယ်၊ ကျွန်မက မူလတန်းပြဆရာမတစ်ယောက်လည်းဖြစ်ပါတယ်၊ ကျွန်မသမီးလေး အခုလို ၅ ဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့တာ အရမ်းပဲဝမ်းသာဂုဏ်ယူမိပါတယ်၊ အဋ္ဌမတန်းမှာလည်း ခရိုင်အဆင့်လူရည် ချွန်ဖြစ်ခဲ့ပါတယ် အဲလိုဖြစ်အောင်လို့လည်း မိဘတွေအနေနဲ့ အဖက်ဖက်ကဝိုင်းဝန်း ပံ့ပိုးပေးခဲပါတယ်၊ နဝမတန်းနဲ့ ဒသမတန်းကို ZENITH ကိုယ်ပိုင်ကျောင်းမှာ တက်ခဲ့တယ်၊ ဆရာဆရာမတွေရဲ့ သင်ကြားပေးမှုအရမ်းကောင်းလို့ အခုလိုဂုဏ်ထူးတွေရရှိခဲ့တာပါ၊ သူတို့ရဲ့ စာသင်ချိန်က ငါးလတာဆိုပေမဲ့ နဝမတန်းအောင်ပြီးကတည်းက ၂၀၂၀ လောက်ကတည်းက ဆယ်တန်းစာတွေစသင်ခဲ့ရတာပါ၊ ဒီကြားထဲ ကျန်းမာရေးကိစ္စတွေကြောင့် ကျောင်းတွေပိတ်တော့ လည်း အိမ်မှာဆက်လက်လေ့ကျင့်နေရတာပါ၊ စာမေးပွဲကို အကြောင်းအမျိုးမျိုးကြောင့် စာမေးပွဲ ဖြေဆိုခွင့်မရခဲ့တဲ့ကလေးတွေကိုလည်းလာမဲ့နှစ်ဆက်လက် ဖြေဆိုရမဲ့ အခွင့်အရေးလည်းရှိပါတယ်၊ ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်၊ သမီးလေးကိုလည်း နိုင်ငံကအားကိုးအားထားပြုရတဲ့ သမီးကောင်းလေးတစ်ယောက်ဖြစ်အောင် ဆက်လက်ပြုစုပျိုးထောင် ပေးသွားပါမယ် ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
မြို့နယ်(ပြန်/ဆက်)