ထားဝယ် ဇွန် ၁၉
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အခမ်းအနားမှူးသင်တန်းကို zoom application ဖြင့် ဇွန် ( ၁၅ ၊ ၁၆၊ ၁၇)ရက်နေ့များတွင် ညနေ(၆)နာရီမှ (၈)နာရီအထိ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက အခမ်းအနားမှူးရွေးချယ်သည့်အခါတွင် အသံသြဇာနဲ့ပြည့်စုံသည့်သူကို ရွေးချယ်ရမှာဖြစ်ပြီး ဥပဓိရုပ်ကောင်းသောသူ ဖြစ်ရန်လည်းလိုအပ်ကြောင်း၊ အခမ်းအနားမှူးသည် အစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ ဖွင့်ပွဲအခမ်းအနား၊ သင်တန်း၊ ဘာသာရေးအခမ်းအနား စသည်များတွင် အခမ်းအနားပြီးစီးအောင် တာဝန်ထမ်းဆောင်ခြင်းကို အခမ်း အနားမှူးဟု ခေါ်ဆိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိဝန်ထမ်းများအနေဖြင့် အခမ်းအနားများတွင် တာဝန်ပေးအပ်လာပါက အခမ်းအနားမှူး တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်းနှင့် အခမ်းအနားမှူးအကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိဝန်ထမ်း (၃၈)ဦးအား Master of Ceremony (M.C) တစ်ဦးတွင် ရှိရမည့် အဓိက အရည်အချင်းများ၊ အခမ်းအနားမှူး တစ်ယောက်၏ အရည်အချင်းအကြောင်း၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှုအကြောင်း၊ အသံအနေ အထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့် နည်းလမ်းများအကြောင်း၊ အသံအဖြတ်အတောက်၊ အနိမ့်အမြင့် အသုံးအနှုန်းများအကြောင်းကို စာတွေ့လက်တွေ့လေ့ကျင့်သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)