မြိတ် ဇွန် ၁၈
၂၀၂၂-၂၀၂၃ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွားသင်တန်း)ကို ဇွန်လ(၁၈) ရက် နံနက်ပိုင်းက မြိတ်မြို့ အထက(၁)ကျောင်း ပညာ့ဗိမာန်ခန်းမတွင် ဖွင့်လှစ်သည်။
ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပညာရေး မူဝါဒများကို သိရှိလိုက်နာဆောင်ရွက်တတ် စေရန်၊ စီမံအုပ်ချုပ်သူများ သိသင့်သိထိုက်သောစီမံ၊ ဘဏ္ဍာ၊ ပညာ၊ ကြီးကြပ်အကဲဖြတ် စာရင်းအင်းလုပ်ငန်းများ ကို သိရှိလိုက်နာဆောင်ရွက်တတ်စေရန်၊ ရာထူးအဆင့်အလိုက် စီမံအုပ်ချုပ် လုပ်ငန်းများကို သိရှိသွားပြီး လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် အမှားအယွင်းကင်းစွာဖြင့် ဆောင်ရွက်တတ်စေရန် ရည်ရွယ်ချက်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွားသင်တန်း)ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲ(ဆင့်ပွားသင်တန်း)တွင် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ၊ ပညာရေးဆိုင်ရာမူဝါဒ၊ ကမ္ဘာ့ ပညာရေးမူဝါဒ၊ ပင်စင်/လုပ်သက်စီမံကိစ္စရပ်များ၊ သင်ယူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင် ရာကိစ္စရပ်များ၊ ကြီးကြပ်အကဲဖြတ် တတ်မြောက်မှုစစ်ဆေးခြင်း၊ စီမံကိန်းစာရင်းအင်း ကျောင်းကောင်စီ ဖွဲ့စည်းဆောင်ရွက်ခြင်း၊ သင်ကြားရေးဆိုင်ရာ ကြီးကြပ်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကိုယ်ပိုင်ကျောင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ပြဋ္ဌာန်းစာအုပ်/သင်ထောက်ကူ ပစ္စည်းဆိုင်ရာ လုပ်ငန်းများစသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများဖြင့် မေလ(၁၈)ရက်နှင့်(၁၉)ရက်တို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွားသင်တန်း)ကို မြိတ်ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်းက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား)သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၍ ဆွေးနွေးပွဲ စတင်ခဲ့သည်။ ဆွေးနွေးပွဲသို့ မြို့နယ်အတွင်း ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်း(၁၄၄) ကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ဒုတိယမြို့နယ် ပညာရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )