ကျုံပျော် ဇွန် ၁၈
မြေဆီလွှာပျက်စီးမှုမှ ထိမ်းသိမ်းရန်၊ မြေသြဇာကောင်းမွန်ရန်နှင့် တောင်သူများအတွက် ရေရှည်အကျိုး ဖြစ်ထွန်းစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်ကာ ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ရာသီအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေမြုပ် ထည့်သွင်းခြင်းနှင့် ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ပျဉ်ချဆိပ်အုပ်စုရှိ တောင်သူ ဦးကြည်ဝင်း၏ လယ်မြေအတွင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ဒု-တိုင်းဦးစီးမှူး ဦးသန်းအောင်ဆန်းက တောင်သူများနှင့်တွေ့ဆုံ၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်း၏ ရေရှည် အကျိုးဖြစ်ထွန်းမှု၊ အကျိုးကျေးဇူးများ၊ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များအား ရှင်းလင်ပြောကြားသည်။
ထို့နောက် ကွင်းသရုပ်ပြပွဲအား ပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန ဒု-တိုင်းဦးစီးမှူး၊ ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းစိုး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သိန်းစိုးဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး၊ လယ်ထွန်စက်ဖြင့် သစ်စိမ်းမြေဩဇာ မြေမြုပ်ထည့်သွင်းခြင်း လက်တွေ့ဆောင်ရွက်မှု များအားကြည့်ရှုအားပေးပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်က သစ်စိမ်းမြေဩဇာ ထည့်သွင်း ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းပြောကြားသည်။
တောင်သူများအနေဖြင့် သီးနှံများ အထွက်နှုန်းတိုးစေရန်အတွက် ဓါတ်မြေသြဇာများ နှစ်စဉ်ဆက်တိုက် လွန်ကဲစွာ သုံးစွဲမှုကြောင့် မြေဆီလွှာ၏ ရုပ်ပိုင်း၊ ဓါတုပိုင်းနှင့် ဇီဝပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ ထိခိုက်လာခြင်း၊ ဓါတုဓာတ်ကြွင်းများကြောင့် လူနှင့် သတ္တဝါတို့၏ အသက်အန္တရာယ် ဆုံးရှုံးခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ အဆိုပါ ပိုက်ဆံလျှော်ကို စိုက်ပျိုး၍ သစ်စိမ်း မြေသြဇာ ပြုလုပ်ခြင်းဖြင့် အဆိုပါ အန္တရာယ်များကို ကျော်လွှားနိုင်ပြီး မိမိစိုက်ပျိုးမည့် သီးနှံ အတွက် အကျိုးဖြစ်ထွန်မှုများ ရရှိမည်ဖြစ်ကြောင်း၊ သက်တမ်းတိုအတွင်း ကြီးထွားနှုန်း မြန်ဆန်၍ နိုထရိုဂျင်များများထုတ်ပေးသည့် ပိုက်ဆံလျှော်ကို နှံစားနှင့် အခြားသီးနှံများ မစိုက်ပျိုးမီ သစ်စိမ်းမြေသြဇာ မြေဖုံးပင်အဖြစ် စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာပျက်စီးမှုကို ကာကွယ်နိုင်ပြီး အကျိုးကျေးဇူးများသည့် သီးနှံ ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၂၅)စုရှိ တောင်သူ(၁၆၈)ဦးတို့၏ လယ်မြေဧက (၁၀၀၀) တွင် သစ်စိမ်း မြေဩဇာများ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)