ညောင်တုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ပြုလုပ်

ညောင်တုန်း    ဇွန်    ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကို ယနေ့ ၉ နာရီခွဲအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးဆိုင်းခွန်စံနှင့် ဦးရှိုင်းဝဏ္ဏဖြိုးတို့က  မူးယစ်ဆေဝါးနှင့် ပတ်သက်သည့် အဓိပ္ပာယ်နှင့် ဥပဒေဖွင့်ဆိုချက်များ၊ မူးယစ်ဆေးဝါး အမျိုးအစားနှင့် အုပ်စုများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ချမှတ်ထားသည့် ပြစ်မှု ပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ချက်များ စသည့်အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့သည်။

အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်ဆက်)