အုတ်တွင်း ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့ အကျင့်များရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့်အလေ့အကျင့်များ ရရှိစေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ စာဖတ်ခြင်းဖြင့် အသိအမြင်ကျယ်စေရန်၊ စာဖတ်ခြင်းဖြင့် အသိအလိမ္မာဉာဏ်ပညာကြီးမြင့်စေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ မကောင်းတဲ့စိတ်တွေ ရှောင်ပြီး ကောင်းတဲ့စိတ်တွေဆောင်ခြင်းဖြင့် လူတိုင်းချစ်ခင်နှစ်သက်တဲ့စိတ်ကောင်းရှိစေရန်၊ လူတော်လူကောင်းများဖြစ်အောင် ကြိုးစားတတ်စေရန်ရည်ရွယ်၍ စာရေးဆရာကြီး လယ်တွင်းသားစောချစ်ရေးသားသည့် ''စကားလက်ဆောင်'' စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club) ဥက္ကဋ္ဌ စာရေးဆရာ ဦးခင် မောင်ချို(ကညွတ်ကွင်း)နှင့် အဖွဲ့ဝင်များမှ စာအုပ်ပါအကြောင်းအရာများဖြစ်သည့် စာဖတ်ခြင်းဖြင့်အသိ အမြင်ကျယ်ပါစေ၊ အောင်စိတ်မွေး၍ ကြိုးစားခြင်းဖြင့် ထူးချွန်စွာအောင်မြင်ပါစေ၊ စိတ်ကောင်းရှိပါ၊ ဥပဓိရုပ်တင့်ပါစေ၊ နှလုံးသားကိုအလှပြင်ပါ၊ မဲ့ကာရွဲ့ကာမပြောနဲ့၊ လူတော်လူကောင်း၊ ကျန်းမာအောင်နေပါ၊ မေတ္တာစိတ်နဲ့နေပါ၊ မလျော့မတင်း စောင်းကြိုးညှင်း၊ အသင့်အတင့်နှလုံးသွင်းပါ၊ လောကအလှခံစားတတ်ပါစေ၊ လောကကိုလှစေသူလည်းဖြစ်ပါစေ စသည့် အကြောင်းအရာများကို တက်ရောက်လာသော စာပေဝါသနာရှင်များနှင့် အချင်းချင်းအမြင်ချင်းဖလှယ်ကာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ခင်ခင်မာ(ပြန်/ဆက်)