ချောင်းသာ ဇွန် ၁၈
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ စာပေဗဟု သုတများရရှိစေရန်၊ စာကြည့်တိုက်ရှိစာအုပ်၊ စာစောင်များအား လေ့လာသိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁ဝ နာရီ အချိန်က ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာအုပ်၊ စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီကနေ့ပြတဲ့ စာအုပ်/စာစောင်ပြပွဲမှာဆိုရင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အများဆုံး ပါတယ်၊ လူငယ်တွေက အတတ်စမ်းချင်ကြတယ်၊ ဒီစာအုပ်တွေမှာ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေအကြောင်း အဓိကပါတာဆိုတော့ လူငယ်တွေရော လူကြီးတွေပါ အသိပညာအများကြီးရပြီး ဆောင်ရန်ရှောင်ရန်တွေအကြောင်းကို သူတို့သိရှိသွားမှာဖြစ်ပါတယ်၊ မကြာမီ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို စာအုပ်/စာစောင်ပြပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ချောင်းသာမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဝင်းကျော်ကျော်ထံက သိရသည်။
အဆိုပါ ပြပွဲတွင် ချောင်းသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းကျော်ကျော်က စာကြည့်တိုက်တွင် စာအုပ်/စာစောင်များ ငှားရမ်းပေးမှုအခြေအနေ၊ အခမဲ့ ငှားရမ်းပေးရာတွင် စာကြည့်တိုက်အသင်းဝင်ကတ်ပြား ပြုလုပ်ပေးခြင်းနှင့် ငှားရမ်းခြင်း၊ ပညာရပ်အလိုက် ရွေးချယ်ငှားရမ်းဖတ်ရှုနိုင်သည့် အကြောင်းများကို မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် စာပေချစ်သူစာဖတ်ပရိသတ်များ၊ ကျောင်းသူများက ပြသထားသော စာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်