ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ငါးသိုင်းချောင်း ဇွန် ၁၈

ဇွန်လ (၂‌၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (အကြို) အထိမ်းအမှတ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဇွန်လ ၁၈ ရက်‌နေ့ နံနက်ပိုင်းက မူလတန်း အဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ-မ-က၊ ရေတံခွန်နှင့် အ-မ-က၊ ဆိတ်ချေးကုန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အဆိုပါရုံးရှိ မြေစိုက်နံရံကပ်ပြဘုတ်နှင့် ရုံးခန်းမအတွင်း ခင်းကျင်းပြသထား သည့် မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေး အသိပညာပေး နံရံကပ်စာစောင်၊ မိုးကြိုးအန္တရာယ်၊ မုန်တိုင်းအန္တရာယ် အစရှိသည့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ ကြပြီး မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အဆိုပါကျောင်းများရှိ မူလတန်း ကျောင်းသား၊ ကျောင်းသူ (၁၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသား၊ ကျောင်းသူများကို အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၊ ဇွန်လ (၂၆)ရက်နေ့တွင် လူထုအခြေပြုဗဟိုဌာန၌ ဆုချီးမြှင့်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး နံရံကပ်စာစောင် ပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲသို့ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ မိခင်နှင့် ကလေးအမျိုးသမီးရေးရာ ကော်မတီဝင်များ၊ စာပေချစ်မြတ်နိုးသ (Club) အသင်းအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ စုံညီစွာ တက်ရောက်အား‌ပေးခဲ့ကြောင်း သိရသည်။

‌လူထုအခြေပြုဗဟိုဌာန၌ ပြပွဲ၊ ပြိုင်ပွဲများ၊ သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် စာပေ၊ အသိပညာ ဗဟုသုတရှာမီးမှုများ အဆက်မပြတ် ဆောင်ရွက်ခြင်းအားဖြင့် လူထုအခြေပြုဗဟိုဌာနနှင့် ပြည်သူ့စာကြည့်တိုက်သို့ ဝင်ထွက်သွားလာ အသုံးပြုမှုအလေ့အထများကို ရရှိစေမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက၊ ပြင်ပအသိပညာ ဗဟုသုတများ ရှာမီးရရှိစေခြင်း၊ အရေး၊ အဖတ်စွမ်းရည်၊ ကာယ၊ ညာဏစွမ်းရည်များ ဖွံဖြိုးတိုးတက် ရရှိလာမည်ဖြစ်ပါကြောင်း မြို့ပြန်/ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားထား ကြောင်း သိရသည်။

စိုးမင်းဦး(ပြန်/ဆက်)