၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး သိပ္ပံဘာသာတွဲ ဒုတိယအမှတ်အများဆုံး (၆)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသူတစ်ဦး၏ရင်တွင်းစကားသံများ

ဘိုကလေး ဇွန် ၁၈

မင်္ဂလာပါရှင်၊ သမီးကတော့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံး သိပ္ပံဘာသာတွဲ ဒုတိယအမှတ် အများဆုံးအဆင့်နဲ့ အောင်မြင်ခဲ့တဲ့ အထက(၁)၊ဘိုကလေးမြို့မှ  (၆)ဘာသာ ဂုဏ်ထူးဖြင့် မဆုပြည့်စုံထွန်း ဖြစ်ပါတယ်ရှင့်။

သမီးကတော့ ငယ်စဉ်ကတည်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ပြီး လူသားတွေရဲ့အသက်ကိုကယ်တယ်ပေးနိုင်မဲ့ အထူးကု ဆရာဝန်ကြီးတစ်ယောက်ဖြစ်ချင်တဲ့ ရည်မှန်းချက်နဲ့ အခုလိုထူးချွန် အောင်မြင်အောင် ကြိုးစားခဲ့ပါတယ်ရှင်။ ငယ်စဉ်ကတည်းက ကြိုးစားခဲ့တာကြောင့် စတုတ္ထတန်းမှာ အခြေခံပညာအလယ်တန်းအဆင့် ပညာသင်ဆုကိုရရှိခဲ့ပါတယ်။၂၀၁၈ခုနှစ် တိုင်းဒေသကြီး အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲမှာ တိုင်းအဆင့် ပထမဆုကို ရရှိခဲ့ပါ တယ်ရှင့်။၂၀၁၉-၂၀၂၀ ခုနှစ်တွေမှာလည်း လူရည်ချွန်ဆုကို ရရှိပြီး နှစ်ထပ်ကွမ်း လူရည်ချွန်ဖြစ်ခဲ့ပါတယ်။ အခုလိုတက္ကသိုလ်ဝင်တန်း ရောက်ရှိတဲ့အခါမှာလည်း ကိုယ်ရဲ့ရည်မှန်းချက်အတိုင်း ဖြစ်လာအောင် အမှတ်ကောင်းကောင်းနဲ့(၆)ဘာသာ ဂုဏ်ထူးနဲ့အောင်မြင် ရမယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ ကြိုးစားခဲ့ပါတယ်ရှင့်။

အခုလိုအောင်မြင်ဖို့အတွက် စာကိုနေ့စဉ်လုပ်ဖြစ်ပါတယ်၊ အချိန်ဇယားတော့ မထားပါဘူး၊ စာကိုဖတ် တဲ့အခါမှာ အာရုံစူးစိုက်ပြီးဖတ်ခဲ့ပါတယ်ရှင့်၊ တစ်နေ့စာ တစ်နေ့ အကြွေးမထားဘဲ ပုံမှန်လေ့လာကျက်မှတ် ခဲ့ပါတယ်ရှင့်။ ကျောင်းမှာ ကျင်းပတဲ့ ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးအဆင့် စာမေးပွဲတွေမှာ လည်း သေသေချာချာဖြေဆိုခဲ့ပါတယ်ရှင်။ အဲဒီစာမေးပွဲတွေကရတဲ့ အမှားတွေကို သင်ခန်းစာယူပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အကောင်းဆုံးဖြစ်အောင် ဖြေဆိုနိုင်ခဲ့ပါတယ်ရှင့်။ အောင်စာရင်းထွက်လာတဲ့အခါမှာလည်း ကြိုးစားပြီး မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်လာတဲ့အတွက် ဝမ်းသာပျော်ရွှင်မိပါတယ်။အခုထူးချွန်စွာ အောင်မြင်အောင် သင်ကြားပေးခဲ့တဲ့ ဆရာ/မများ၊ သမီးကိုသူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ အဆင့်ဆင့် ပညာသင်ကြားပေးခဲ့တဲ့ အမက(ဓမ္မာရုံ)နဲ့၊ အထက(၁)မှ ဆရာ/မများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်၊ လိုသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးတဲ့ မိဘနှစ်ပါးကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။

နောင်လာမည့် မောင်လေး၊ ညီမလေးတွေ အတွက်ကတော့ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် မိမိတို့ရဲ့ တစ်နှစ်တာကြိုးစားအားထုတ်မှုတွေကို အလဟဿ မဖြစ်စေဖို့ ဇွဲ၊လုံ့လ၊ဝီရီယအပြည့်နဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အကောင်းဆုံးဖြစ်အောင် ဖြေဆိုနိုင်အောင်ကြိုးစားကြလို့ ပြောကြားပါရစေရှင့်။

မိုးစက်