ဖြူး ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျော်) စိုက်ခင်းအား ထယ်ထိုးမြေမြှုပ်ထည့်သွင်းခြင်း အခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ အုတ်ဖြတ် မျိုးစေ့ဌာနခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းစိုက်ပျိုးရေး ဦးစီးမှူးဦးကျော်ကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)စိုက်ပျိုးခြင်းဖြင့် မြေသားတည်ဆောက်မှုတိုးတက်ကောင်းမွန်စေပြီး မြေတွင်း အာဟာရများ ကြွယ်ဝစေမည့်အပြင် ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာများရေရှည်အသုံးပြု ခြင်းကြောင့် မြေဆီလွှာအတွင်း သဘာဝမြေဩဇာများပျက်စီးခြင်း၊ အကျိုးပြုအဏုဇီဝများ နည်းပါးခြင်းကို အလွယ်ကူဆုံး အသက်သာဆုံးဖြင့် ဖြေရှင်းဆောင်ရွက်နိုင်မည်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တောင်ငူခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမြတ်မင်းထွေးက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် ပေါင်းမြက်များ ပေါက်ခြင်းမှ သက်သာစေပြီး တစ်လခွဲသားအထိ ထယ်ထိုး မြေမြှုပ်ရမည့်နည်းလမ်းများကိုလည်းကောင်း၊ ဖြူးမျိုးစေ့ဌာနခွဲ ခြံတာဝန်ခံ ဦးစိုးနိုင်က စိုက်ပျိုးရေးနည်းလမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သတ်မှတ်ကွင်းဧရိယာအတွင်းသစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်) ပင်များအား ထယ်ထိုး မြေမြှုပ်ခြင်းကို ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများက လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် တိုင်း၊ခရိုင် စိုက်ပျိုးရေး ဦးစီးမှူးများ၊ ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)