ပြည်မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုများသို့ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ဒေသန္တရတိုးမြှင့် စီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပ

ပြည်  ဇွန်  ၁၈

ပဲခူတိုင်းဒေသကြီးပြည်မြို့၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပုလဲသီတာခန်းမ၌ ယနေ့မွန်းတည့်(၁၂)နာရီအချိန်က မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီမှ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် ဒေသန္တရတိုးမြှင့် စီမံကိန်းတာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ ပြည်ခရိုင်မန်နေဂျာက စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းနှင့် ကျွေးမြီများ အချိန်မီ ပြန်လည်ဆပ်နိုင်ရေး‌ ဆွေးနွေးပြီး၊ မြို့နယ်စီမံကိန်းဦးစီးမှူးက ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မိမိတို့ဒေသတွင်း လယ်ယာကဏ္ဍတိုးတက်ရန် ဧကအလိုက် စီမံကိန်းတိုးမြှင့်ဆောင်ရွက်​ရေး၊ သို့မှသာ GDP လည်း တိုးမြှင့်သွားမှာဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မြေသြဇာများကို လျှောက်လွှာပုံစံများဖြင့် ရောင်းချပေးမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး၊ ဆည်မြောင်နှင့်ရေအသုံးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ရေရရှိရေးနှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင် း‌ဆွေးနွေးသည်။

ထို့နောက် လဝကဦးစီးမှ ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ရှင်းလင်း‌ ဆွေးနွေးကာ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ယခုနွေစပါးစိုက်ဧက ၃၅၄၉ ဧကထက် တိုးမြှင့်စိုက်ပျိုးရန်နှင့် မြေသြဇာများကိုလည်း တစ်ဧကလျှင် တစ်အိတ်နှုန်းရောင်းချပေးလျှက်ရှိကြောင်း ဆွေးနွေးပြောကြားပြီး ဌာနအလိုက်သက်ဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်လာသော ရပ်ကွက်/ ကျေးရွာအုပ်စု ဥက္ကဋ္ဌများထံသို့ ဒေသန္တရတိုးမြှင့် စီမံကိန်းတာဝန်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုစိုး