ရေနံချောင်း ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော ကွန်ပျူတာအခြေခံသင်တန်း (အခမဲ့)တွင် တက်ရောက်လျက်ရှိသော သင်တန်းသား၊ သင်တန်းသူ လူငယ်များ အသိပညာတိုးပွားရေးအတွက် အိုင်တီနည်းပညာအကြောင်းနှင့် ကွန်ပျူတာတစ်လုံးနှင့် ပက်သက်သည့် ပါဝင်ပစ္စည်းများအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ် ပြန်/ဆက်နှင့် ရေနံ့သာ ဖိုက်ဘာအင်တာနက် တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က “ရေနံ့သာ ဖိုက်ဘာအင်တာနက်က တာဝန်ရှိသူများက မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ မှာ ဖွင့်လှစ်ထားတဲ့ ကွန်ပျူတာ အခြေခံသင်တန်း(အခမဲ့)က သင်တန်းသား၊ သင်တန်းသူ ကလေးတွေကို အသိပညာတိုးပွားရေးအတွက် ယခုလိုဟောပြောပွဲ ဆောင်ရွက်ပေးမှု၊ ပြည်သူ့ စာကြည့်တိုက်ကိုလာတဲ့ လူငယ်၊ လူကြီး အားလုံးအသုံးပြုနိုင်ရေးအတွက် Wifi သုံးစွဲရန် အခမဲ့တပ်ဆင်ပေးမှုကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်၊ သားတို့သမီးတို့အနေနဲ့ ယခုသင်ကြားပေးမယ့် အိုင်တီနည်းပညာနဲ့ပက်သက်တဲ့ အကြောင်းအရာများကို သေသေချာချာလေ့လာမှတ်သားနာယူကြဖို့လိုပါတယ်” ဟု ဦးစွာပြောကြားခဲ့သည်။
ဆက်လက်၍ ရေနံချောင်းမြို့ ရေနံ့သာ ဖိုက်ဘာအင်တာနက်မှ နည်းပညာကျွမ်းကျင်သူ ဦးကောင်းခန့်မိုးက ကွန်ပျူတာတစ်လုံးအလုပ်လုပ်ပုံ၊ ကွန်ပျူတာတစ်လုံးတွင် ပါဝင်သည့် ပစ္စည်းများ၊ အိုင်တီနှင့် ပက်သက်သောလုပ်ငန်းများ၊ အိုင်တီနည်းပညာသမား တစ်ယောက်ထားသင့်သော စိတ်နေစိတ်ထားများအကြောင်းနှင့် မည်သို့လေ့လာရမည် ဆိုသည်များကို ဟောပြောဆေးနွေးခဲ့ရာ သင်တန်းသူ၊ သင်တန်းသားများက စိတ်ဝင်တစား လေ့လာနားထောင်ခဲ့ပြီး ဦးကောင်းခန့်မိုးနှင့်အတူ သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငြိမ်းငြိမ်းအိ