ခါမ်းပါတ်မြို့တွင် ဒေသထွက်ကုန်ပေါ်ဦးပေါ်ဖျားနာနတ်သီးများ ဈေးကောင်းရ

ခါမ်းပါတ် ဇွန် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ဒေသထွက်ရာသီစာဖြစ်သည့် နာနတ်သီးများ စတင်ဆွတ်ခူး ရောင်းချနေကြပြီဖြစ်ပြီး ဈေးကောင်းရလျက်ရှိကြောင်းသိရသည်။

လက်ရှိတွင်မူ နာနတ်သီးများ လှိုင်လှိုင်မပေါ်သေးသည့်အတွက် တစ်လုံးလျှင် တစ်ထောင်ကျပ်ဖြင့် ရောင်းချရကြောင်း သိရသည်။ ဇူလိုင်/ဩဂုတ်လများတွင် နာနတ်သီးများ လှိုင်လှိုင်ပေါ်ပြီဖြစ်ပြီး ကလေး၊ တမူး၊ ကလေးဝ စသည့်မြို့များသို့ သွားရောက်ရောင်းချကြသည်များရှိသလို အဆိုပါမြို့များမှ ဈေးသည်များအနေဖြင့်လည်း အခင်းပြတ်လာရောက် ဝယ်ယူသူများ လည်းရှိကြောင်း သိရသည်။

ခါမ်းပါတ်မြို့တွင် နာနတ်သီးကို ခါမ်းပါတ်မြို့ အမှတ်(၁ )ရပ်ကွက်၊အမှတ်(၄)ရပ်ကွက်နှင့် ဘုတ်ကန်ကျေးရွာတို့တွင် အဓိကစိုက်ပျိုးကြပြီး တနိုင်တပိုင် စိုက်ပျိုးကြသည်များရှိသလို အပင်ရေတစ်သောင်း၊နှစ်သောင်းစသည်ဖြင့် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသည်များလည်းရှိကြကြောင်း သိရသည်။

ဝိဇ္ဇာမောင်