ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာတွင် စတုတ္ထနှစ်စက်ဝန်း မြစိမ်းရောင် စီမံကိန်းရန်ပုံငွေ ကွင်းဆင်းထုတ်ချေးး

ပွင့်ဖြူ  ဇွန်   ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသခံကျေးလက် ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေ‌ရေးအတွက် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့ ညနေ ၃ နာရီက ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာရှိ မြစိမ်းရောင်စီမံကိန်းဝင်အသင်းသားများကို စတုတ္ထနှစ်စက်ဝန်း မြစိမ်းရောင် စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်းချေးပေးရာ၌ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် မိသားစုဝင်ငွေတိုး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းနှင့် ချေးငွေများကို စနစ်တကျ အကျိုးရှိရှိ သုံးစွဲလုပ်ကိုင်ကြစေလိုကြောင်း၊ ချေးငွေ အတိုး/အရင်းများကိုလည်း ပုံမှန် ပေးဆပ်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

 ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာတွင် စတုတ္ထနှစ် စက်ဝန်း မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သည့် စီမံကိန်းဝင်အသင်းသား ၁၉၈ ဦးအတွက် စီမံကိန်းရန်ပုံငွေကျပ် ၃၆ ဒသမ ၃၁ သန်းအား  စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့သည်။

 ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာတွင် ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရေးအတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရကာ ယခုနှစ်တွင် စတုတ္ထနှစ်စက်ဝန်း ရှိပြီဖြစ်ပြီး ကျေးရွာနေပြည်သူများမှာ မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်ခွင့်ရရှိ၍ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )