ရေနံချောင်း ဇွန် ၁၈
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် စာအုပ်၊ စာစောင်နှင့် ဓာတ်ပုံပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်၊ စာအုပ်၊ စာစောင်နှင့် ဓာတ်ပုံ ပြပွဲများဆောင်ရွက်မှုတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်မှ ဇွန်လ (၂၆)ရက် နေ့၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ စာအုပ်၊ စာစောင်နှင့် ဓာတ်ပုံပြပွဲ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ လူငယ်လူရွယ်များမူးယစ် ဆေးဝါးနှင့်ပက်သက်ပြီး ရှောင်ကြဉ်ရမည့် အချက်များ၊ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များကို သိရှိနိုင်စေရန်နှင့် ပြည်သူ့ စာကြည့်တိုက်သို့ ပြည်သူများစာပေများကို လေ့လာဖတ်ရှုကာ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြပွဲတွင် အသိပညာ ဗဟုသုတများစွာရရှိစေမည့် နံရံကပ်စာစောင်များ သုတ၊ ရသ စာအုပ်၊ စာစောင်များနှင့်ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ လူငယ်လူရွယ်လေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ငြိမ်းငြိမ်းအိ