ချောင်းဦးမြို့နယ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

ချောင်းဦး ဇွန် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စက်မှုလယ်ယာ ရုံးဝန်းအတွင်း ယနေ့ နံနက် ၇ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ချောင်းဦး မြို့နယ် သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးအောင်နေလင်းမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးထူးကျော်ထံသို့ စိုက်ပျိုးမည့် ပျိုးပင်ပေါက် အပင် ၃၀၀ အားပေးအပ်ခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ အဖွဲ့ဝင် ဗိုလ်ကြီး အောင်မိုးထွန်း၊ အဖွဲ့ဝင် မြို့နယ်လဝကမှူး ဦးဘရွှေ၊ အဖွဲ့ဝင် ဦးခင်မောင်မြင့်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး မြင့်သောင်းတို့မှ စုပေါင်းသစ်ပင်စိုက်ပျိုးကြမည့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များထံသို့ ပျိုးပင် ပေါက်များ ပေးအပ်ခဲ့ပြီး မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပခဲ့သည်။

စက်မှုလယ်ယာ ရုံးဝန်းအတွင်းရှိ ကွင်းပြင်ကျယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်မှ ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား ၂၀၀ ကျော်ခန့်က ကျွန်းပျိုးပင် ပေါက် ၁၂၀၊ ကုက္ကို ၈၀၊ ဗန်ဒါ ၂၀၊ ပဲချယ်ရီ ၅၀၊ တမာ ၃၀၊ စုစုပေါင်း ပျိုးပင်ပေါက် အပင် ၃၀၀ အား စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဝင်းမြင့်အောင် (ပြန်ဆက်)