ကျုံပျော်မြို့နယ်၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှု ရင်တွင်းစကားသံများ

ကျုံပျော် ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြို့နယ် ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတို့တွင်  ယနေ့နံနက် ၆ နာရီအချိန်မှစ၍ ထုတ်ပြန်ကြေငြာခဲ့ရာ အောင်မြင်မှု ရရှိခဲ့သူများအတွက် ဝမ်းသာပီတိစကားသံများကို အများပြည်သူ သိရှိနိုင်စေရန် ဖော်ပြအပ်ပါ သည်။

ဦးဇေယျမင်း(မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ)

ကျွန်တော်တို့ မြို့နယ်တာဝန်ရှိသူတွေအနေနဲ့ ပညာရေးကဏ္ဍ မြှင့်တင်ရေးအတွက် အမြဲ ကြိုးစားပြီး ဆောင်ရွက်ပေးနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တုန်းကလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား ကူးစက်မှုတွေများခဲ့တဲ့အတွက် ရောဂါကူးစက်မှု မရှိစေရေး၊ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး တို့အတွက် သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေနဲ့ လက်တွဲ ကြိုးပမ်းခဲ့ကြပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုလည်း မြို့နယ်မှာ စာစစ်ဌာန (၁၀)ခု ဖွင့်လှစ်ပြီး ကျောင်းသူ ကျောင်းသားတွေ အေးချမ်းစွာ ဝင်ရောက် ဖြေဆိုနိုင်ဖို့ စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ အခု တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကိုလည်း သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးမှာ စနစ်တကျ ထုတ်ပြန် ပေးနိုင်ခဲ့ပြီး၊  မြို့နယ်အနေနဲ့ အောင်ချက်ရာနှုန်း(၅၆.၇၁%) ရရှိခဲ့တဲ့ အတွက်နဲ့ ဝိဇ္ဇာဘာသာတွဲမှာ တစ်နိုင်လုံး အမှတ်အများဆုံး အဆင့်(၃) နေရာကို ရရှိနိုင်ခဲ့တဲ့ အတွက် မြို့နယ်တာဝန်ရှိသူ တစ်ဦးအနေနဲ့ များစွာ ဝမ်းသာပီတိဖြစ်ရတယ်လို့ ပြောကြား လိုပါတယ်။

အခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာလည်း မိမိတို့ တာဝန်ရှိသူတွေ အနေနဲ့ ပညာရေးအတွက် လိုအပ်တဲ့အရာတွေကို ဖြညိ့ဆည်းဆောင်ရွက်ပေးနိုင်ဖို့ အသင့်ရှိနေပါတယ်။ ကျောင်းအသီးသီး မှာ တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ သင်ကြားပေးကြတဲ့ ဆရာဆရာမတွေ အားလုံးလည်း အေးချမ်းစွာ ပညာသင်ကြားနိုင်ကြပြီး၊ တိုင်းပြည်အတွက် အားထားရတဲ့  လူကောင်း လူတော်တွေများစွာ မွေးထုတ်ပေးနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ဆရာကြီးဦးစိုးနိုင် (ဒုတိယမြို့နယ် ပညာရေးမှူး)

ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့စာသင်နှစ်မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတွေကြောင့် စာသင်ကာလတိုတောင်းခဲ့သော်လည်း၊ စီမံချက်များ စနစ်တကျရေးဆွဲပြီး၊ မြို့နယ်က ဦးဆောင် ကူညီကြသူတွေ၊ ဆရာ၊ဆရာမတွေ ကျောင်းသား၊ ကျောင်းသူတွေ၊မိဘတွေ အားလုံး လက်တွဲ ကျော်ဖြတ်ခဲ့လို့ ဒီတက္ကသိုလ်ဝင် စာမေးပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို ကလေးတွေ လည်း အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ကြပါတယ်။

အခု အောင်စာရင်းတွေ ထွက်ရှိရာမှာလည်း ကျုံပျော်အနေနဲ့ (၅၆.၇၁%)ရရှိပြီး၊ ဘာသာစုံ ဂုဏ်ထူးရှင် (၂)ဦးနဲ့အတူ ဂုဏ်ထူးရှင် စုစုပေါင်း(၄၅၀) ဦးထွက်ရှိခဲ့ပါတယ်။ အောင်ချက် ကောင်းမွန်တဲ့အတွက် အားလုံးပင်ပန်ရကျိုး နပ်တယ်လို့ ဆိုချင်ပါတယ်။ အောင်မြင်သွားသူတွေနဲ့ ထပ်တူဝမ်းသာပီတိ ဖြစ်မိပါတယ်။ အောင်စာရင်းမှာ မပါဝင်ကြသူတွေကိုလည်း စိတ်ဓာတ်မကျပဲ ရှေ့ဆက်ကြိုးစားကြဖို့ ခွန်အားပေးလိုပါတယ်။ ရှေ့ဆက်ပြီးတော့လည်း မိဘ၊ ဆရာ၊ ကျောင်းသား လက်တွဲညီညီနဲ့ကြိုးစားပြီး ပညာရေးကောင်းမွန်တဲ့ လူကောင်းလူတော် တွေ မွေးထုတ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

မယမင်းထက်(၅ - ဘာသာဂုဏ်ထူးရှင်)

သမီးက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒဿမတန်း(A)မှာ တက်ရောက် ပညာသင်ကြားခဲ့ပါတယ်။ နေတာကတော့ ပင်လုံရပ်ကွက် ခဲဘောင်မှာ နေထိုင်ပါတယ်။ ကျောင်းကို မှန်မှန်တက်ပြီးတော့ တစ်နေ့စာ တစ်နေ့မှန်မှန်ကြိုးစားခဲ့တဲ့အတွက် အခု  တက္ကသိုလ်ဝင်တန်းကို (၅)ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ သင်ကြား‌ ပေးခဲ့တဲ့ ဆရာ၊ ဆရာမတွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ပြီး ရှိခိုးကန်တော့အပ်ပါတယ်။ ဘယ်အရာပဲ ဖြစ်‌ဖြစ်  ကြိုးစားရင် ကြိုးစားသလောက် ရနိုင်တယ်လို့ သူငယ်ချင်းတွေ၊ မောင်ညီမလေးတွေကို ပြောချင်ပါတယ်။ သမီးဒီထက်ပိုကြိုးစားခဲ့ရင် ဘာသာစုံဂုဏ်ထူး ရနိုင်ခွင့်ရှိခဲ့ပါတယ်။ ဆေးတက္ကသိုလ်တက်ပြီး ဆရာဝန်ဖြစ်ချင်တာ ဖြစ်တဲ့အတွက် အခုတက်ခွင့် ရ/မရ ကို ရင်ခုန်နေရပါတယ်။

သမီးပညာရေးကို ဒီတက္ကသိုလ်ဝင်တန်းမှ ကြိုးစားတာမဟုတ်ပဲ ပုံမှန်ကြိုးစားခဲ့ပါတယ်။ ကျန်ခဲ့တဲ့ အတန်းတွေတုန်းကလည်း လူရည်ချွန်တို့ ထူးချွန်ဆု စတာ‌တွေ ရခဲ့ဘူးပါတယ်။ ကိုယ်က ဘာသာစုံ ဂုဏ်ထူးမှန်းခဲ့‌ပေမယ့် အခု မြန်မာစာကို ဂုဏ်ထူးမရပဲ ဖြစ်ခဲ့တဲ့အတွက် မျှော်လင့်ခဲ့တဲ့ မိဘတွေကိုတော့ အားနာမိပါတယ်။ ဘာပဲဖြစ်ဖြစ် ရှေ့ဆက်ပြီးတော့ ကြိုးစားသွားမယ်။ သမီးနဲ့အတူတူ အောင်မြင်ခဲ့ကြသူတွေ အားလုံးအတွက်လည်း ဝမ်းသာပီတိ ဖြစ်မိပါတယ်လို့ ပြောလိုပါတယ်။

ဦးဆန်းလင်း(ကျောင်းသားမိဘ)

ကျွန်တော်ကတော့ မယမင်းထက်ရဲ့ ဖခင်ဖြစ်ပါတယ်။ ကျွန်တော်တို့က ဈေးရောင်း/ဝယ် လုပ်ငန်းလုပ်ကိုင်တာ ဖြစ်တဲ့အတွက် ကျောင်းစာကို ကြိုးစားဖို့ ပညာတတ်ဖြစ်ဖို့ သမီးကို တိုက်တွန်း အားပေးဖြစ်ပါတယ်။ မိဘတွေက စာမပြပေးနိုင်တဲ့အတွက် သူကိုယ်တိုင်ပဲ ကြိုးစားခဲ့ရပါတယ်။ ကျွန်တော်တို့ကတော့ လိုအပ်တာကို ဖြည့်ဆည်း ပံ့ပိုးပေးခဲ့ပါတယ်။ အဓိက ကတော့ ကိုယ်တိုင်ပဲဖြစ်တယ်၊ ဘယ်အရာမဆို ကိုယ်ကြိုးစားမှ ရနိုင်တယ်လို့ ပြောချင်ပါတယ်။

အခုသမီးက(၅)ဘာသာ ဂုဏ်ထူးရခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ သမီးကို ဆရာဝန် ဖြစ်စေချင်ခဲ့ တဲ့အတွက် အမှတ်မမှီမှာကိုတော့ စိုးရိမ်မိပါတယ်။ အခြားကလေးတွေနဲ့ ကျောင်းသား မိဘတွေကိုလည်း ပညာရှာတဲ့အရွယ်မှာ ကြိုးစားပြီး ပညာရှာဖို့၊ကိုယ့်ကိုယ်ကို အားကိုးကြဖို့နဲ့ မိဘတွေကလည်း ကိုယ့်သားသမီး ပညာရေးကောင်းအောင် ပံ့ပိုးပေးကြဖို့ တိုက်တွန်းစကား ပြောကြားလိုပါတယ်။

လပြည့်ဦး(ပြန်/ဆက်)