ပန်းတနော်မြို့နယ်တွင် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ ဂုဏ်ထူးရရှိသူများ၏ ရင်တွင်းစကားသံများ

ပန်းတနော် ဇွန် ၁၇

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၁၇ ရက်နေ့၌ ထုတ်ပြန်ခဲ့ရာ ပန်းတနော်မြို့နယ် အတွင်းရှိ ဂုဏ်ထူးရရှိသူများ၏ ရင်တွင်းစကားသံများကို ယခုလိုတွေဆုံ မေးမြန်းခဲ့ပါတယ်။

မခင်ချမ်း​မြေ့ဇင်

အ.ထ.က (မရမ်း)၊ ပန်းတနော်

(၅)ဘာသာဂုဏ်ထူးရှင်

သမီးနာမည်ကတော့မခင်ချမ်းမြေ့ဇင်ဖြစ်ပါတယ်။ ပန်းတနော်မြို့၊ အ.ထ.က မရမ်းကျောင်းမှာ (၅)ဘာသာ ဂုဏ်ထူးနဲ့အောင်မြင်ခဲ့တာဖြစ်ပါတယ်။ သမီးရဲ့ဂုဏ်ထူးကတော့ မြန်မာစာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း​၊ ဘောဂဗေဒ ဘာသာရပ်တို့ဖြစ်ပါတယ်။ မိဘတွေက ဆရာ၊ ဆရာမတွေဖြစ် တာကြောင့် ပညာရေးတက္ကသိုလ် တက်စေချင်ပါတယ်။ ကိုယ်တိုင်ကလဲစာသင်တာ ဝါသနာပါ တာကြောင့် ပညာရေးတက္ကသိုလ်ဆက်တက်သွားမှာပါ။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မအောင်ခဲ့သော သူငယ်ချင်းများ ကျောင်းသားကျောင်းသူများအနေနဲ့ စိတ်ဓာတ်မကျပါနဲ့ ဒီထက်ပိုပြီး စာကိုတစိုက်မတ်မတ်နဲ့ ထက်ကြိုးစားရင် အောင်မှာပါ။ သမီးတို့လို ပညာတတ်တွေ လူတော်လူကောင်းတွေမွေးထုတ်ပေးတဲ့ ပညာရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်အစိုးရကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။ နိုင်ငံအတွက် အကျိုးပြုနိုင်သော သားကောင်းသမီး ကောင်းများ ဖြစ်အောင် ဆက်ကြိုစားသွားမှာပါလို့ ပြောကြားချင်ပါတယ်။

မခင်ချမ်း​မြေ့ဇင်၏ဖခင်

မင်္ဂလာပါ ခင်ဗျာ ဒီနေ့ကျွန်မရဲ့သမီးလေးဟာမြို့နယ်မှာအများဆုံးဂုဏ်ထူး (၅)ဘာသာနဲ့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ အရမ်းပဲဂုဏ်ယူဝမ်းသာမိပါတယ်။ သမီးလေးကို လည်းနောက်ထပ် ဆက်လက်ကြိုးစားသွားတာကို ပံ့ပိုးထောက်ပံ့ပေးနိုင် အောင်ကြိုး စားသွားပါမယ်ခင်ဗျာ။

မဝိုင်းစုခင်

အ.ထ.က (၁)၊ ပန်းတနော်

(၄)ဘာသာဂုဏ်ထူးရှင်

သမီးနာမည်ကတော့မဝိုင်းစုခင်ဖြစ်ပါတယ်။ အ.ထ.က (၁) ပန်းတနော်မှာ ပညာသင်ကြားပြီး ဂုဏ်ထူး (၄)ဘာသာ ရရှိခဲ့ပါတယ်။ ဂုဏ်ထူးရဘာသာတွေကတော့ မြန်မာစာ၊ ဓာတုဗေဒ၊ ရူပ​ဗေဒ၊ ဇီဝဗေဒတို့ဖြစ်ပါတယ်။ သမီးကဆရာဝန်​ဖြစ်ချင်တော့ ဆေးတက္ကသိုလ်တက်ချင်ပါတယ်။ ရရှိလာတဲ့အမှတ်အပေါ်မူတည် ပြီးတက်ဖို့စဉ်းစားထားပါတယ်။

မရတနာဝင်းထက်

အ.ထ.က (၁)ပန်းတနော်

(၄)ဘာသာဂုဏ်ထူးရှင်

သမီးနာမည်ကတော့ မရတနာဝင်းထက်ဖြစ်ပါတယ်။ အ.ထ.က (၁)ပန်းတနော်မှာ ပညာသင်ကြားခဲ့ပြီး ဂုဏ်ထူး(၄)ဘာသာရရှိခဲ့ပါတယ်။ ရရှိတဲ့ဘာသာတွေကတော့ မြန်မာစာ၊ ပထဝီ၊ သမိုင်း၊​ ဘောဂဖြစ်ပါတယ်။ စာသင်ရတာဝါသနာပါလို့ သမီးဆက်လက်ပြီးတော့ ပညာရေး တက္ကသိုလ်ကိုတက်ဖို့အစီအစဉ်ရှိပါတယ်။

ပန်းတနော်မြို့နယ်တွင် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်ဖြေဆိုသူ စာရင်းရှိ(၁၃၉၂)ဦး ၊ အောင်မြင်သူ (၆၁၃)ဦးရှိကာ (၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၇)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၀၇)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၀၅)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၅၇)ဦးနှင့် ရိုးရိုးအောင် မြင်သူ (၂၃၆)ဦး၊ စုစုပေါင်းအောင်မြင်သူ (၆၁၃)ဦးရှိ၍ ရာခိုင်နှုန်း အားဖြင့် (၄၄.၀၄)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)