တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ (နေပြည်တော်) တွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်

ထားဝယ်    ဇွန်  ၁၇

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့(နေပြည်တော်)တွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ (နေပြည်တော်)တွင် ပါဝင်ဆောင်ရွက်ခဲ့သော ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ အကအဖွဲ့များအနေဖြင့် လုပ်ကိုင်ဆောင်ရွက်သည့်နေရာတွင် သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရသည့်အတွက် အခက်အခဲများစွာကြုံတွေ့ရသည်ကို သိရှိခဲ့ရကြောင်း၊ အလှပြယာဉ်များပေါ်တွင် ဆောင်ရွက်သည့်နေရာ၌ စေတနာအပြည့်ဖြင့် စုပေါင်းလုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းကြောင့် အချိန်မီပြီးစီးအောင်မြင်ခဲ့ကြောင်း၊  အလှပြယာဉ်များတွင် တစ်တပ်တစ်အားဖြင့် ပါဝင်ခဲ့သောသူများ၊ အကအလှဖြင့်ဖျော်ဖြေခဲ့သော ယဉ်ကျေးမှုအကအဖွဲ့များနှင့် ပညာရှင်များအား တနင်္သာရီတိုင်းဒေသကြီးကိုယ်စား အစိုးရအဖွဲ့အနေဖြင့်  ဂုဏ်ပြုကြောင်းနှင့် များစွာကျေးဇူးတင်ရှိကြောင်း၊ လာမည့်အဆိုအကအရေးအတီးပြိုင်ပွဲများ၊ လွတ်လပ်ရေးနေ့စိန်ရတုပြပွဲများတွင် အလှပြယာဉ်များပြုလုပ်ရန် အစီအစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ (နေပြည်တော်) တွင် ပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)