စလင်း ဇွန် ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က စလင်းမြို့ယာဉ်ထိန်းတပ်ဖွဲ့စိတ် ရဲအုပ်သန်းနိုင်ဝင်းဦးဆောင်၍ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်အတူ အထက(၁)ကျောင်း၊ ကျောင်းတက်/ကျောင်းဆင်း ချိန်များနှင့် ခရီးသွားပြည်သူများယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုကျောင်းများ ဖွင့်လှစ်သည့်အချိန်သည် မိုးတွင်းကာလဖြစ်သည့်အတွက် ကျောင်းသွားလမ်းနှင့် နီးစပ်သည့် လမ်းမများပေါ်တွင် ကျောင်းသား/သူ ကလေးများ အနေဖြင့် လမ်းဖြတ်ကူးရာတွင် သတ်မှတ်ချိန်၊ အချိန်မီလမ်းမကူးနိုင်ပါက ဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မီးပွိုင့်အချက်ပြများနှင့် လူကူးမျဉ်းကျားမှ သို့မဟုတ် နယ်မြို့ ဖြစ်သည့်အတွက် လမ်းများကူးရာတွင် ယာဉ်များသွားလာမှုကိုကြည့်၍ ကူးကြရန်နှင့် မြို့တွင်း၌ ယခုအခါယာဉ်အန္တရယ် ကင်းစေရန်အတွက် ကျောင်းများ၏ အနီးအနားတို့တွင် ယာဉ်များ အရှိန်လျော့ရန်အတွက် (Slow Down) များထားရှိပြီး ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အတွက် အသိပညာပေးခြင်းကို ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ (Projector) များဖြင့် ပြသကာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ မိဘပြည်သူများနှင့် ကျောင်းသား/သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှ အသိပညာပေး ဟောပြောပွဲများကို အခြေခံပညာကျောင်းများတွင်လည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်လွင်(စလင်း)