စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မုံရွာ ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ (၁) ရီအချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community   Centre ခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်း (၁/၂၀၂၂) ဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက တိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ အနေဖြင့် သင်တန်းများ ဖွင့်လှစ်ပေးရခြင်းမှာ အရည်အသွေးရှိတဲ့ လုပ်သားကောင်းများ ရရှိစေရန်အတွက် လူငယ်များကို သင့်တော်သော အလုပ်အကိုင် ရရှိစေရေး ဆောင်ရွက်ပေးခြင်း အသေးစားနှင့်အလတ်စား လုပ်ငန်းဈေးကွက်များမြှင့်တင်ခြင်း ဒေသထွက်ကုန်များကို တန်ဖိုးမြှင့်ပစ္စည်းထုတ်လုပ်နိုင်ရေး နည်းပညာများ ထောက်ပံ့ပေးခြင်း ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း အသက်မွေးမှုနှင့် ကျွမ်းကျင်မှု သင်တန်းများကိုလည်း မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါကြောင်း သင်တန်းဆင်းများအနေဖြင့် ယခုသင်တန်းမှ တက်မြောက် ထားသည့် ထုတ်ကုန်ပစ္စည်းများကို အကျိုးရှိရှိ ထုတ်လုပ်ရောင်းချကြရန် အလေးထား ဆောင်ရွက်သွားကြရန် တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးက အိမ်တွင်းတစ်ပိုင်တစ်နိုင် လုပ်ငန်းရှင် များ ပေါ်ထွန်းလာစေရေးအား တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ရာ လိုအပ်သည်များကို တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ရာ သင်တန်ဆင်းတစ်ဦးမှ လက်ခံရယူ ခဲ့သည်။

ယင်းနောက် သင်တန်းထူးချွန်ဆုများကို ဆက်လက်ပေးအပ်ရာ တိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူး ဦးခင်မောင်သွင်က ပထမဆုရရှိသော သင်တန်းသူတစ်ဦး အားလည်းကောင်း၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း က ဒုတိယဆုရရှိသော သင်တန်းဆင်းတစ်ဦးအား လည်းကောင်း အသီးသီးလက်ဝယ်အရောက် ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် သင်တန်းဆင်းများ၏ ရှာစောင်းမျက်နှာသစ်ဆပ်ပြာခဲ၊ ကိုယ်တိုက်ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာရည်၊ အဝတ်လျှော်ဆပ်ပြာရည် စသည့် ပစ္စည်း(၁၃)မျိုးအား ကြည့်ရှု အားပေးခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီက ကြီးမှူး၍ ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အထိ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ၅ ရက်ကြာ လူသုံးကုန်ပစ္စည်း(၁၃)မျိုးကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသို့ မုံရွာခရိုင်အတွင်းမှ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)