ကျောင်းကုန်းမြို့နယ်မှ ငါးဘာသာဂုဏ်ထူးရှင် (၂)ဦး၏ ရင်တွင်းစကားသံများ

ကျောင်းကုန်း ဇွန် ၁၇

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်မှ (၅)ဘာသာဂုဏ်ထူး ရရှိခဲ့သ (၂)ဦး၏ ရင်တွင်းစကားသံကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

မောင်ညီရဲထက် (၅)ဘာသာဂုဏ်ထူးရှင်

ကျွန်တော်အမည်က မောင်ညီရဲထက်ပါ၊ ယခု ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ငါးဘာသာဂုဏ်ထူးရရှိခဲ့တဲ့အတွက် မိမိကိုယ်မိမိ ဝမ်းမြောက်ဂုဏ်ယူမိသလို မိဘနှစ်ပါးနဲ့ သင်ကြားသူဆရာ/ဆရာမတို့ရဲ့ ကျေးဇူးကိုလည်း ဦးခိုက်ဂုဏ်ယူခဲ့ရပါတယ်၊ မိမိရည်မှန်းချက်ကို အောင်မြင်အောင် ကြိုးစားနိုင်တဲ့အတွက် မဖော်ပြနိုင်လောက်အောင် ဝမ်းသာကြည်နူးမှုကို ခံစားခဲ့ရပါတယ်။

ကျွန်တော်က ကျောင်းကုန်းမြို့နယ် ဝက်ချောင်းကျေးရွာကနေ ကံ့ကော်မြိုင် ကိုယ်ပိုင်အထက်တန်းကျောင်းမှာ လာရောက်ပညာသင်ယူနေတဲ့ ကျောင်းသားဖြစ်ပါတယ်၊ ကျောင်းတက်တဲ့ကာလ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ အချိန်အတွင်းမှာ စာကိုလည်းကြိုးစား၊ ကျန်းမာရေးကိုလည်း ဂရုစိုက်နဲ့ ပြုမူနေထိုင်ရပါတယ်၊ ကျောင်းမှန်မှန် တက်ခြင်းကလည်း အကျိုးထူး ရစေပါတယ်၊ ကျွန်တော်အနေနဲ့ ကျောင်းကသင်တဲ့စာတွေကို တစ်နေ့စာတစ်နေ့ မှန်မှန်လေ့ကျင့်ခဲ့ပါတယ်၊ တစ်ပတ်ပြည့်ရင်တစ်ကြိမ် ပြန်လည်ကျက်မှတ် လေ့လာပါတယ်၊ မကျေလည်တဲ့စာတွေကိုလည်း ဘာသာပြဆရာ/ ဆရာမတွေကို ပြန်လည်မေးမြန်းပြီး လေ့ကျင့်ခဲ့ပါတယ်။

မိဘနှစ်ပါးကလည်း ပညာရေးဝန်ထမ်း ဆရာ/ဆရာမများဖြစ်တဲ့အတွက် အထောက်အကူများစွာ ရရှိခဲ့ပါတယ်၊ ဘာသာရပ်တွေအားလုံး အခက်အခဲမရှိပါဘူး၊ သင်္ချာကတော့ ထပ်တလဲလဲ တွက်ချက်လေ့လာရပါတယ်၊ (၆)ဘာသာအထိ ဂုဏ်ထူးထွက်ချင်ပေမယ့် (၅)ဘာသာဂုဏ်ထူးရရှိတာကိုပဲ ကျေနပ်ဝမ်းသာရပါတယ်။

သူငယ်ချင်း ကျောင်းသားများကို ပြောချင်တာက ဘယ်အရာမဆို စိတ်ဆန္ဒကြီးစွာနဲ့ ကြိုးစားရင် အောင်မြင်နိုင်ပါတယ်၊ ပညာသင်နှစ် အစမှအဆုံးထိ မှန်မှန်ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်၊ ကျွန်တော်ငယ်စဉ်ကထဲက ဆရာဝန်ဖြစ်ချင်တဲ့ရည်မှန်းချက် ရှိခဲ့ပါတယ်၊ အဲဒါကြောင့် စာကိုစနစ်တကျနဲ့ အခြေခံကစပြီး လေ့လာခဲ့ပါတယ်၊ အမှတ်စာရင်းထွက်လာပြီး ဆေးတက္ကသိုလ် ဝင်ရောက်ခွင့်ရမယ်ဆိုရင် တက်ရောက်သင်ကြားမှာ ဖြစ်ပါတယ်၊ ကျေးဇူးတင်ပါတယ်။

မောင်ရှိုင်းထက်ဖြိုး (၅)ဘာသာဂုဏ်ထူးရှင်

ကျွန်တော်က ကျောင်းကုန်းမြို့နယ် ဘဝရှေ့ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ငါးဘာသာဂုဏ်ထူးရှင် မောင်ရှိုင်းထက်ဖြိုး ဖြစ်ပါတယ်။

ကျွန်တော်ဖခင်က လယ်သမားတစ်ဦးဖြစ်ပြီး၊ မိခင်က ပညာရေးဌာနမှ အလယ်တန်းပြ ဆရာမတစ်ဦး ဖြစ်ပါတယ်၊ ကျွန်တော် ခုလို ငါးဘာသာဂုဏ်ထူးရရှိတာကလည်း ကြိုးစားမှုကြောင့်ပဲဖြစ်ပါတယ်၊ မကြိုးစားပဲနဲ့ ဘာမှမရပါဘူး၊ အဓိကကတော့ မိမိရဲ့အောင်မြင်ချင်တဲ့စိတ်၊ ဖြစ်ချင်တဲ့ဆန္ဒတွေ ရှိနေဖို့ပါ၊ ရည်မှန်းချက် ထားရပါမယ်။

အတန်းထဲမှာ ဘာသာရပ်အလိုက် ဆရာ/ဆရာမများရဲ့ သင်ကြားမှုကို စိတ်ဝင်စားစွာ နားထောင်၊ မှတ်သား၊ လေ့လာရပါတယ်၊ နားမလည်ပါက နားလည်အောင် ဆရာ/ဆရာမများကို မရှက်မကြောက် မေးပါတယ်၊ တစ်နေ့စာ တစ်နေ့ပြီးအောင် ကျက်မှတ်ပါတယ်၊ သင်္ချာဘာသာကို အထပ်ထပ် ပြန်တွက်လေ့ကျင့်ပါတယ်၊ ဇီဝဗေဒကို ရေးကျက်ပါတယ်၊ အထူးသဖြင့် နေ့စဉ်သင်ခန်းစာများကို နေ့စဉ်ကျက်မှတ်လေ့လာ တွက်ချက်သွားပါက လုံးဝအောင်မြင်မှာဖြစ်ကြောင်း ကျွန်တော်ကိုယ်တွေ့အရ ပြောနိုင်ပါတယ်။ ခုလိုအောင်မြင်အောင် သင်ကြားပြသပေးပါသော ဆရာ/ဆရာမများ အားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်၊ ညီ/ညီမငယ်များကို အဓိကပြောချင်တာကတော့ စိုက်ပျိုးချိန်မှာ အလုပ်လုပ်မှ ရိတ်သိမ်းချိန်မှာ ဇိမ်ကျနိုင်မှာ ဖြစ်ပါတယ်၊ ကြိုးစားမှုကဲ့ရလဒ်က အောင်မြင်ခြင်း ဖြစ်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ-ဝင်းကြိုင်(ပြန်/ဆက်)