ပုသိမ် ဇွန် ၁၇
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ အားကစားသမားများအား ဂုဏ်ပြုသည့် အခမ်းအနားအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများနှင့် တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဖိတ်ကြားထားသူများ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် (၃၁ )ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး လက်ရွေးစင်ဖြစ်ခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား ဂုဏ်ပြုသည့် အခမ်းအနား ဖြစ်ပါကြောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ၂၂ ဦးမှ ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၃ ခုနှင့် ကြေးတံဆိပ် ၂၆ ခု စုစုပေါင်း ဆုတံဆိပ် ၃၃ ခု ရရှိခဲ့ပါကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်များ ရရှိနိုင်ရေးအတွက် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး အဆင့်ဆင့် အားကစားပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရွေးချယ်၍ စနစ်တကျ စခန်းသွင်းလေ့ကျင့်ကာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်ဦးချင်း၊ အဖွဲ့လိုက် ကြိုးစားယှဉ်ပြိုင် အနိုင်ရလာခြင်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လက်ရွေးစင် အားကစားသမားဟောင်းများကိုလည်း ထိုက်သင့်တဲ့ အားပေးထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို အားပေးချီးမြှင့်ခြင်းဖြင့် မျိုးဆက်သစ် လူငယ်အားကစားသမားများ အားကျအတုယူ ကြိုးစားနိုင်စေရေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်းနှင့် မျိုးဆက်သစ် လူငယ်အားကစားသမားအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်၊ တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများအား အတုယူ၍ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာစေရေး ကြိုးစားဆောင်ရွက်ကြရန်” ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် အားကစားသမားများကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများအား လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ငွေတံဆိပ်၊ ကြေးတံဆိပ် ဆုရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုယ်စား KURASH ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် မအေးအေးအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက (၃၁ )ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားသမားများ၏ ယှဉ်ပြိုင်ခဲ့မှု ဗီဒီယိုမှတ်တမ်းအား ကြည့်ရှုအားပေးခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော အားကစားသမားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)