ပုသိမ် ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ သမဝါယမသင်တန်းကျောင်း (ပုသိမ်)၌ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်း ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ သင်တန်းကျောင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲ များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ပညာဆက်လက်သင်ယူရန် အခက်အခဲ ရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်ရန်နှင့် ထူးချွန်သူများကို သမဝါယမကောလိပ်များ၊ သမဝါယမ စီမံခန့်ခွဲမှု ပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာတက်လက်သင်ကြားနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ယခုသင်တန်းအား ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းအား တက်ရောက်နိုင်ရန် အတွက် အနိမ့်ဆုံးပညာ အရည်အချင်းသည် အဋ္ဌမတန်းအောင်အဆင့် သတ်မှတ်ထားသော ကြောင့် ပညာတစ်ပိုင်းတစဖြင့် ရပ်နားထားရသူ များအတွက် အမှန်တကယ် အကျိုးပြုသော သင်တန်းဖြစ်ပါကြောင်း၊ စားသောက်ရေးစရိတ်၊ နေထိုင်ရေး စရိတ်၊ စာရေး ကိရိယာစရိတ်၊ သင်တန်းဝင်ခွင့်စရိတ်များအား အခမဲ့ဆောင်ရွက်ပေးထားပါကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် မိမိတိုင်းဒေသကြီးအတွက်သာမက နိုင်ငံတော်အတွက်ပါ များစွာအကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း” ပြောကြားသည်။ ထို့နောက် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက “နိုင်ငံတော်စီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရာတွင် သမဝါယမကဏ္ဍသည် အရေးကြီးသော အခန်းက ပါဝင်ဆောင်ရွက်ရသည် ဖြစ်သော ကြောင့် သမဝါယမဘာသာရပ်များအား သင်ကြားပို့ချခြင်းဖြင့် စာရင်းကိုင် ပညာ၊ စာရင်းစစ် ပညာများကိုပါ သင်ကြားနိုင်မည်ဖြစ်သောကြောင့် အဖိုးတန်လူ့စွမ်းအား အရင်းအမြစ် ကောင်းများ မွေးထုတ်ပေးနိုင်မှာဖြစ်ကြောင်း၊ မိမိဘဝတိုးတက်ရေးအတွက် အလေးအနက်ထား ကြိုးစားသင်ယူစေလိုကြောင်း” ဆက်လက်ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာရေးကိရိယာများ အားလည်းကောင်း၊ အနောက် တောင် တိုင်းစစ်ဌာချုပ် တိုင်းမှူး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ က ချီးမြှင့်ထောက်ပံ့ငွေ၊ သင်တန်းသား ဝတ်စုံ၊ အားကစားပစ္စည်းများနှင့် ဖျာ၊ ခြင်ထောင်များအား သင်တန်းသား၊ သင်တန်းသူ များထံသို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပြီး ယခုသင်ဖွင့်လှစ်သည့် သင်တန်း အား မန္တလေး၊ မကွေး၊ တောင်ကြီး၊ ပုသိမ်နှင့် မော်လမြိုင်မြို့များ၌ တစ်ပြိုင်တည်း ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလမှာ ၂ နှစ်ကြာမြင့် မည်ဖြစ်ကာ သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း စားသောက်စရိတ်၊ ဝတ်စုံများအား အခမဲ့ထောက်ပံ့ပေး သွားမည့်အပြင် နယ်ဝေးမှ တက်ရောက်သူများအတွက်လည်း အဆောင်များ စီစဉ်ပေးထားကြောင်းနှင့် သင်တန်းသား ပြီးဆုံး အောင်မြင်သူများအနက် သတ်မှတ်အရည်အချင်း ပြည့်မီသူများအား သမဝါယမ ကောလိပ်များနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိစေမည်ဖြစ် ကြောင်း အဆိုပါ သင်တန်းကျောင်းထံမှ သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)