မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ(မိုး)သီးနှံ သီးသန့်စိုက်ပျိုးနေမှုနှင့် ပိုက်ဆံလျှော်စိုက်ပျိုးမှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကွင်းဆင်းကြည့်ရှု

အထက်မင်းလှ ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် စိုက်ခင်းတွင် နေကြာ(မိုး)သီးနှံ သီးသန့်စိုက်ပျိုးနေမှုနှင့် ပိုက်ဆံလျှော်စိုက်ပျိုးမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။

မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ်တွင် နေကြာ(မိုး/ဆောင်း)ဆီထွက်သီးနှံ နေကြာ စိုက်ပျိုးရာ၌ လျာထားဧကများတွင် အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မိုးနေကြာစိုက်ပျိုးရန်ပါဝင်သည့် ကျေးရွာများ၌ မိုးနေကြာစိုက်ပျိုးပြီးစီးမှု အခြေအနေများ၊ မိုး‌နေကြာသီးနှံသီးသန့်စိုက်ပျိုးနေမှုများနှင့် ပိုက်ဆံလျှော်စိုက်ပျိုးထားရှိမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိသည်။

မင်းလှမြို့နယ်၌ ကျေးရွာအုပ်စု ၆၃ အုပ်စုရှိရာ မိုးနေကြာ ၂၅၁၂ ဧက၊ ဆောင်းနေကြာ ၆၀၀၂ ဧက၊ စုစုပေါင်း ၈၅၁၄ ဧကတွင် နေကြာစိုက်ပျိုးရန် လျာထားပြီး မိုးနေကြာစိုက်ပျိုးရန် ၂၅၁၂ ဧကမှ သီးညှပ်ဧက ၁၄၆၇ ဧကအတွက် တစ်ဧကလျှင် နေကြာမျိုး(၁)ပြည်နှုန်းအား တောင်သူများထံ ထောက်ပံ့ပေးထားကြောင်း၊ မင်းလှမြို့နယ်တွင် ဇွန်(၁၆)ရက်နေ့အထိ မိုးနေကြာ စိုက်ပျိုးပြီးစီးမှုမှာ သီးသန့်(၁၈)ဧက၊ သီးညှပ်(၁၄၇၀)ဧက၊ စုစုပေါင်း (၁၄၈၈)ဧက စိုက်ပျိုးပြီးဖြစ်ရာ မိုးနေကြာစိုက်ပျိုးရန် ကျန်ရှိနေသည့် လျာထားနေရာများတွင် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇာဇာ (အထက်မင်းလှ)