ပွင့်ဖြူ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများကို နိုင်ငံတော်မှ (၃)လလျှင် တစ်ကြိမ် လူမှုရေးပင်စင်ငွေများ ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများအဖွဲ့က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် ထောက်ပံ့ပေးအပ်သည့် လူမှုပင်စင် ထောက်ပံ့ငွေများကို သက်ကြီးဘိုးဘွားများ၏ နေများသို့ သွားရောက်၍ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေ အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားဦးရေ စုစုပေါင်း ၉၅၆ ဦး ရှိကြောင်း သိရပြီး ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများအဖွဲ့က ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့် ရှိသည့် သက်ကြီးဘိုးဘွားများကို တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် သုံးသောင်းကျပ်စီ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် နိုင်ငံတော်မှ ၂၀၂၂ ခုနှစ်၊ ( ဧပြီ၊ မေ၊ ဇွန်) ပထမသုံးလပတ် လူမှုရေးပင်စင်ငွေ ထောက်ပံ့မှုအနေဖြင့် သက်ကြီးဘိုးဘွားဦးရေ ၉၅၆ ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၂၈၆၈၀၀၀၀ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)