နတ်မောက်မြို့နယ် တောင်ထောင့်ကျေးရွာအုပ်စုတွင် မိုးချည်မျှဉ်ရှည်ဝါထောက်ပံ့ပွဲနှင့် တောင်သူပညာပေး ဆွေးနွေးပွဲ ကျင်းပ

နတ်မောက် ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် တောင်ဒေါင့်ကျေးရွာအုပ်စု၊ တောင်ထောင့်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးချည်မျှဉ်ရှည်ဝါထောက်ပံ့ပွဲနှင့် တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီ အချိန်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီအရာရှိဒေါ်မြင့်မြင့်ချိုက မိုးချည်မျှဉ်ရှည်ဝါ တစ်ဧကပိဿာ (၁၀၀၀)  ထွက်ရှိရေး  စံပြကွက်များ ဧက(၅၀) စိုက်ပျိုးရန်နှင့် မျိုးသန့်ထုတ်စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်နိုင်ရန် ချည်မျှင်ရှည်ဝါစိုက်ပျိုးမည့် တောင်သူများအား ပညာပေးဆွေးနွေးခဲ့သည်။ဆက်လက်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တောင်သူများအား ဝါမျိုးသန့်ခြံများမှ ရရှိသော ရွှေတောင် (၁၀) ဝါမျိုးစေ့သန့်များကို တစ်ဧက ၃ ပိဿာနှုန်းဖြင့် စုစုပေါင်း ပိဿာ ၄၅၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သင်းသင်းမြတ်