ကျိုက်လတ်၌ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ

ကျိုက်လတ် ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာနမှ ကြီးမှူး၍ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၂ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ယနေ့  နံနက် ၇ နာရီ  ၃၀ မိနစ်အချိန်ခန့်က ဇဝနဗုဒ္ဓအကယ်ဒမီကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စိုက်ပျိုးမည့် ပျိုးပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့် အဖွဲ့ဝင် များ၊ သစ်တောဦးစီးဌာန ကျိုက်လတ်မြို့နယ် တာဝန်ခံတောအုပ် ဦးအောင်ကျော်ဦးတို့မှ တက်ရောက် လာသူများထံ ပေးအပ်ခဲ့ကြသည်။ ထို့နောက် တက်ရောက် လာသူများမှ ပျိုးပင်များအား စနစ်တကျ စိုက်ပျိုးခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲအား သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေး၊ အပူဒဏ်ကာကွယ် နိုင်ရေး၊ သစ်တောသစ်ပင် တန်ဖိုးများကို အများပြည်သူ အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး မဟော်ဂနီပင် ၃၅၀၊ မန်ဂျန်ရှားပင် ၃၅၀၊ ရေသင်းဝင်ပင် ၂၅၀၊ မာလာလူးကားပင် ၂၅၀၊ ပျိုးပင် စုစုပေါင်း(၁၂၀၀)ပင်အား စိုက်ပျိုးခဲ့ကြောင်း မြို့နယ်သစ်တော ဦးစီးဌာန ကျိုက်လတ် မြို့နယ်တာဝန်ခံ တောအုပ်ဦးအောင်ကျော်ဦးထံမှ သိရသည်။ အဆိုပါ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရီရီမြင့်