ရေကြည် ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက်(၆)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့ရာ မြို့နယ်အတွင်းဖြေဆိုသူ စုစုပေါင်း(၁၂၅၈)ဦး ဖြေဆိုခဲ့ပြီး အောင်မြင်သူ (၆၅၅)ဦးဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ (၅၂) ဒသမ (၀၇) ရာခိုင်နှုန်းအောင်မြင်ခဲ့ ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ရေကြည်မြို့နယ်အတွင်း စာစစ်ဌာန(၉)ခုထားရှိ၍ ကျင်းပ ဖြေဆိုခဲ့ရာ မြို့နယ်အတိုင်းအတာအနေဖြင့် (၆)ဘာသာဂုဏ်ထူးရှင် (၄) ဦး၊ (၅)ဘာသာ ဂုဏ်ထူးရှင် (၈) ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၁၄) ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၁၃၂) ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၉၁) ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၇၃) ဦး၊ စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ (၄၂၂)ဦး ထူးချွန်အောင်မြင် ခဲ့ကြသည်။
အဆိုပါ ထူးချွန်အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအနက် ငါးသိုင်းချောင်း (အ-ထ-က)မှ (၆)ဘာသာဂုဏ်ထူးရှင်ဖြစ်သည့် မောင်ကောင်းစည်သူဟိန်းသည် ဧရာဝတီတိုင်းအတွင်း ဘာသာတွဲ(၇)တွင် အမှတ်အများဆုံးရရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် လည်း သိပ္ပံဘာသာတွဲတွင် (top ten) စာရင်းဝင် ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)