ကလိန်အောင် ဇွန် ၁၇
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက်(၁၀)နာရီက အဆိုပါရုံးရှိလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်ခင်လဲ့က "မူးယစ်ဆေးဝါးအန္တရာယ်ပြည်ရန်စွယ်"အကြောင်းကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနည်းများ၊ မူးယစ်အကြောင်းရှောင်ကြဉ်ဖွယ်အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အသိပညာပေးနံရံကပ်စာစောင်များပြသထားရှိရာတွင် မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ဖွယ်ခေါင်းစဉ်နှင့် စိတ်ကြွရှုးသွပ်ဆေးပြားများ၏ အန္တရာယ်ခေါင်းစဉ်တို့ဖြင့် မူးယစ်ဆေးနှင့်စိတ်ကြွရှုးသွပ်ဆေး၏အဓိပ္ပါယ်များ၊ ကာတွန်းပုံများ၊ မူးယစ်အသိပညာပေးလက်ကမ်း စာစောင်များကိုပြသထားရာတွင် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြပြီး သိရှိလိုသည့်များအားမေးမြန်းရာစာကြည့်တိုက်လက်ထောက်-၃က ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခင်ခင်လဲ့ (ပြန်/ဆက်)