တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို အောင်မြင်သည့် စာရင်းဖြူးမြို့နယ်တွင် ထုတ်ပြန်ရာ (၄၃.၈၈) ရာခိုင်နှုန်း အောင်မြင်

ဖြူး ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို အောင်မြင်သည့် စာရင်းအား ယနေ့ နံနက် (၆) နာရီ အချိန်က စတင်ထုတ်ပြန်ခဲ့ရာ အောင်မြင်မှု ရာခိုင်နှုန်း (၄၃.၈၈) ရှိကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၅) ခုဖြစ်သည့် ဖြူး အထက (၁)၊ ကညွတ်ကွင်း အထက၊ ညောင်ပင်သာ အထက၊ ဝဲကြီး အထက၊ ဇေယျဝတီ အထက (၂) တို့တွင် မတ်လ (၃၁) ရက်ယနေ့မှ  ဧပြီလ (၉) ရက်နေ့အထိ ဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၄၁၅) ဦးရှိပြီး  အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူ (၆၂၁) ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးထံမှ သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာနိုင်ငံစာစစ်ဌာန၏ Website များတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ထုတ်ပြန်လျက်ရှိပြီး တိုင်းဒေသကြီး / ပြည်နယ်များရှိ မြို့နယ်အသီးသီးမှ စာစစ်ဌာနရှိရာ ကျောင်းများတွင်လည်း နံနက် (၆) နာရီမှစတင်ကာ အောင်စာရင်းများ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)