တနင်္သာရီမြို့နယ် စာစစ်ဌာန(၃)ခု၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်

တနင်္သာရီ  ဇွန် ၁၇

၂၀၂၂ခုနှစ်၊မတ်လ၃၁ရက်နေ့မှစ၍ ကျင်းပခဲ့သည့် ၂၀၂၂ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန်လ၁၇ရက် နံနက် ၆နာရီအချိန်မှစ၍ တစ်နိုင်ငံလုံးရှိစာစစ်ဌာနများတွင် ထုတ်ပြန်ကြေငြာသကဲ့သို့ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်း အထက-တနင်္သာရီ၊ အထက-ညောင်ပင်ကွင်းနှင့်အထက-မော်တုန်း စသည့်စာစစ်ဌာန(၃)ခုနှင့်မြို့နယ်ပညာရေးမှူးရုံး ကြော်ငြာသင်ပုန်းများတွင်လည်း ကပ်ထားကြေညာပေးထားရာ ကျောင်းသား/သူများ၊ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုသူများပြားကြောင်း သိရသည်။

တနင်္သာရီမြို့နယ် အထက-တနင်္သာရီစာစစ်ဌာနတွင် (အတွင်းဖြေနှင့်ပြင်ပဖြေ)(၁၃၇)ဦး ဖြေဆိုရာ (၄၅)ဦးအောင်မြင်ကြသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ(၃၂.၈၅)ဖြစ်ကြောင်း၊ အလားတူ အထက-ညောင်ပင် ကွင်းစာစစ်ဌာန၌ (၄၃)ဦးဖြေဆိုရာ (၁၅)ဦးအောင်မြင်သဖြင့် အောင်ချက်ရာနှုန်းမှာ (၃၄.၈၈) ဖြစ်ကြောင်း၊ အလားတူ အထက-မော်တုန်းစာစစ်ဌာနတွင် ဖြေဆိုသူ(၄၈)ဦးအနက် (၂၀)ဦးအောင်မြင်သဖြင့်အောင်ချက် ရာနှုန်းမှာ(၄၁.၆၇)ဖြစ်ကြောင်း သိရသည်။

သို့ပါ၍ မြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုမှ တစ်မြို့နယ်လုံးချုပ်အဖြစ် (၃၁၆)ဦးဖြေဆိုရာ(၁၂၂)ဦး အောင်မြင်သဖြင့် တစ်မြို့နယ်လုံး၏အောင်ချက်ရာနှုန်းမှာ(၃၈.၆၁)ဖြစ်ကြောင်း၊ (၂)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၂၆)ဦးနှင့်ရိုးရိုးအောင် မြင်သူ(၉၂)ဦးဖြစ်ကြောင်း၊ မြန်မာစာဘာသာဖြင့်(၃)ဦး ၊ဇီဝဗေဒဘာသာ(၆)ဦး၊ ဘောဂဗေဒဘာသာ(၂၃)ဦး၊ ဓါတုဗေဒဘာသာ (၁)ဦးနှင့် ပထဝီဝင်(တစ်)ဦး..စုစုပေါင်း ဂုဏ်ထူးဖြင့်အောင်မြင်သူ(၃၄)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရသည်။ ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကပ်ထားကြေငြာထားရှိရာတွင် အတွင်းစည်းအဖြင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးနှင့်ဆရာ/မများကလည်းကောင်း၊ အပြင်စည်းအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးဆောင်များနှင့်ကျောင်းကော်မတီအဖွဲ့များက လုံခြုံရေးစောင့်ကြပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်ကြေငြာချက်များကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website  www.myanmarexam.org  တွင် ဇွန်လ(၁၇)ရက် နံနက်(၄)နာရီအချိန်မှစ၍ မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထုတ်လွှင့်ပေးထားကြောင်း၊ ထို့အတူ ဝေးလံသောဒေသများနှင့်အင်တာနက်လိုင်းမရရှိသော စာစစ်ဌာနများမှ အောင်စာရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှလည်း ကြေညာပေးလျက်ရှိကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)