ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းရွာသစ်   ဇွန်  ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ဗဟုသုတရရှိစေရန်ရညရွယ်၍ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဇင်မိုးအေးက  ပြည်သူများ အသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရှမ်းရွာသစ် နယ်မြေရဲစခန်းမှ ရဲအုပ်မင်းအောင်ဇော်က လူကုန်ကူးမှုခံရသည့်အခြေအနေများ၊ ပြစ်မှု၊ပြစ်ဒဏ်များ၊ လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လူကုန်ကူးမှုမခံရစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုအခြေအနေများ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍အွန်လိုင်းစနစ်ဖြင့် အသိပညာပေး(Talk Show)ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)