မြောင်းမြ ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ မြောင်းမြမြို့အတွင်း တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်း များ ထူထောင်လုပ်ကိုင်နိုင်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းကို(အခမဲ့) ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို (၁၉.၆.၂၀၂၂) မှ (၂၃.၆.၂၀၂၂) ရက်နေ့အထိ သင်တန်းကာလ(၅)ရက် ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းပို့ချမည့် အချိန်မှာ နံနက် ၉ နာရီ ၃၀ အချိန်မှ ညနေ ၄ နာရီ ၃၀ အထိ ဖြစ်ကြောင်း သိရသည်။ ပို့ချမည့်ဘာသာရပ်များမှာ ပန်းကန်ဆေးဆပ်ပြာ၊ ဘက်စုံသုံးဆပ်ပြာ၊ သဘာဝခေါင်းလျော်ရည်၊ Hand Gel၊ Hand Spray ပြုလုပ်ခြင်းတို့ကို (အခမဲ့)သင်ကြားပေးမည်ဖြစ် ကြောင်း သိရသည်။
ထိုသင်တန်းသို့ တက်ရောက်သင်ကြားလိုသူများသည် အသက်နှင့် ပညာအရည်အချင်း ကန့်သတ်ချက်များ မရှိကြောင်းနှင့် ဆက်သွယ်စာရင်း ပေးလိုပါက ဖုန်း ၀၉-၂၅၀၇၀၉၇၉၄ သို့ ဆက်သွယ်စာရင်း ပေးနိုင်ကြောင်း သိရသည်။
မြောင်းမြခရိုင်၊ ပြန်/ဆက်