ဘားအံ ဇွန် ၁၇
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နှစ် (၅၀)မြောက် ရွှေရတုနှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက ကရင်ပြည် နယ် ပဒုမ္မာအားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အားကစားဖွင့်ပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ဘားအံခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးမင်းနောင်က ပြိုင်ပွဲဝင်အားကစားသမားများကို ဦးဆောင်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်ထံ ပြိုင်ပွဲကျင်းပခွင့်တောင်း ခံပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကို ကျင်းပရာ အုပ်စု(A)တွင် သံတောင်ကြီး(လဝက)အသင်း၊ ဘားအံ(လဝက)အသင်း၊ မြဝတီ(လဝက)အသင်းနှင့် ဖာပွန်(လဝက)အသင်းတို့ပါဝင်ပြီး အုပ်စု(B)တွင် ဒုဌာနခွဲ (လဝက)အသင်း၊ ကော့ကရိတ်(လဝက)အသင်း၊ လှိုင်းဘွဲ(လဝက)အသင်းနှင့် ကြာအင်းဆိပ် ကြီး(လဝက) အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါနှစ်(၅၀)မြောက် ရွှေရတုနှစ်ပတ်လည်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပွဲစဉ်(၈)ပွဲဖြင့် ယှဉ်ပြိုင်ခဲ့ကြရာ ပွဲစဉ်(၁)တွင် ဘားအံဒုဌာနခွဲ(လဝက) အသင်းနှင့်ကော့ကရိတ်(လဝက)အသင်း၊ ပွဲစဉ် (၂)တွင် သံတောင်ကြီး(လဝက)နှင့်ဘားအံ(လဝက)အသင်း၊ ပွဲစဉ်(၃)တွင် မြဝတီ(လဝက)အသင်းနှင့်ဖာပွန် (လဝက) အသင်းတို့ ယှဉ်ပြိုင်ကြပြီး ပွဲစဉ်(၁)မှ ပွဲစဉ်(၄)အထိ အနိုင်ရရှိသည့်အသင်းများသည် ကွာတားဖိုင်နယ်သို့ တက်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကွာတားဖိုင်နယ်တွင် အသင်း(၄)သင်း ယှဉ်ပြိုင်ကြပြီး အနိုင်ရရှိသည့် အသင်း(၂)သင်းသည် ဗိုလ်လုပွဲယှဉ်ပြိုင်ရမည်ဖြစ်သည်။ တတိယနေရာ လုပွဲအဖြစ် ကွာတားဖိုင်နယ်တွင် ရှုံးသည့်နှစ်သင်း ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၅၀)မြောက် ရွှေရတုနှစ်ပတ်လည် အထိမ်းအမှတ် (ပိုက်ကျော်ခြင်း)ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားတွင် ပထမဆုရရှိသည့် ကော့ကရိတ် (လဝက) အသင်းအား ငွေကျပ်နှစ်သိန်း၊ ဒုတိယဆုရရှိသည့် လှိုင်းဘွဲ(လဝက)အသင်းအား ငွေကျပ် တစ်သိန်းခွဲ၊ တတိယ ဆုရရှိသည့် ဘားအံ(လဝက) အသင်းအား ငွေကျပ် တစ်သိန်းတို့ကို ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)