မြောင်းမြမြို့နယ် တောင်ပေါ်စုကျေးရွာ အ.ထ.က ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

မြောင်းမြ ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌ ကျောင်းသား/ကျောင်းသူ လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ ပညာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ မြောင်းမြမြို့၊ တောင်ပေါ်စုကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၁၁)နာရီအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်ရေးရာဟောပြောပွဲတွင် အ.ထ.က(တောင်ပေါ်စု)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းအိက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးသင်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဟောပြောခဲ့ကြသည်။ ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးသင်းက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ အ.ထ.က(တောင်ပေါ်စု)ကျောင်းမှ အလယ်တန်းပြဆရာ ဦးနေမျိုးထွန်းက လက်ခံခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ အ.ထ.က(တောင်ပေါ်စု) ကျောင်းမှ ကျောင်းသား/ ကျောင်းသူ လူငယ်များ (၃၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)