သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်း‌ကျောင်း (မကွေး) ဖွင့်ပွဲအခမ်းအနား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

မကွေး ဇွန် ၁၆

သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မကွေး) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး သမဝါယမစာရင်းရေး၊ စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာ သမဝါယမပညာရပ်တွင် စာရင်းရေး၊ စာရင်းကိုင်ပညာရပ်ဟာ အဓိကကျကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်တွေကို လေ့လာကြည့်တဲ့အခါ အနည်းဆုံး အခြေခံပညာအဌမတန်း‌အောင်ရုံနဲ့ ဒီသင်တန်းကို တက်ရောက်နိုင်ပြီး ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး၊ စာရင်းကိုင်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်စေရန်၊ သင်တန်းသားများအနက် ထူးချွန်သူများကို ရွေးချယ်၍ သမဝါယမကောလိပ်များနှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက် သင်ယူနိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးရန်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းများနဲ့ ဆောင်ရွက်မှာကို  တွေ့ရှိရတဲ့အတွက် လွန်စွာပီတိဖြစ်မိကြောင်း၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ သမဝါယမအသင်းတွေ ကုမ္ပဏီတွေ ဘဏ်တွေ အခြားစီးပွားရေးအဖွဲ့အစည်းတွေမှာ သမဝါယမကျောင်းဆင်းတွေကို ယုံယုံကြည်ကြည်နဲ့ လက်ခံခန့်အပ်နေတာကို တွေ့ရှိရကြောင်း၊ ကျောင်းသား/ သူများအနေဖြင့် မိမိကျောင်းတော်ကြီးမှ သင်ကြားပို့ချပေးမည့် ဘာသာရပ်များကို ဂရုတစိုက် သေသေချာချာ လေ့လာသင်ယူကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမသင်တန်းကျောင်းများဟာ ရှေးယခင်ထဲက အစဉ်အလာကောင်းများ ပုံရိပ်ကောင်းများနဲ့ တည်ရှိနေခဲ့တာဖြစ်ပါကြောင်း၊ ဒေသအတွင်းရှိ ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများ၊ အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ပညာရပ်ကို ဆက်လက်မသင်ကြားနိုင်သူများအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဆည်းပူး၍  လုပ်ကိုင်စားသောက်နိုင်ရေး၊ အသက်မွေးမှုပညာများ သင်ကြားပို့ချပေးရန်အတွက် သမဝါယမဦးစီးဌာန ကြီးကြပ်မှုအောက်မှာရှိသော သင်တန်းကျောင်းများတွင် စာရင်းရေးစာရင်းကိုင် ပညာအဓိကထား၍ သင်ကြားပေးပြီး အသက်မွေးဝမ်းကျောင်းမှု ပြုနိုင်လောက်သည်အထိ ရည်ရွယ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ တစ်ပါတည်းရသွားအောင် ဆောင်ရွက်ပေးရန်အတွက် တောင်ကြီး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ မန္တလေးမြို့များရှိ သမဝါယမသင်တန်းကျောင်းများတွင် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက် မွေးပညာသင်တန်းကျောင်းများအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ ဒါ့အပြင် ကွန်ပျူတာဘာသာရပ်ကိုလည်း တကယ်ကို လုပ်ငန်းခွင်မှာ အသုံးချနိုင်လောက်တဲ့အထိ သင်ကြားပို့ချပေးမှာ ဖြစ်ပါကြောင်း၊ ယခုကျောင်းတွင် (၂)နှစ်ပြီးလို့ ဆက်ပြီး ပညာသင်နိုင်ဖို့အတွက် သမဝါယမတက္ကသိုလ်များအထိ တက်ရောက်ပြီး ဘွဲ့ရရှိသည်အထိ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ် ဒေါ်မိုးသီတာဝင်းက သင်တန်းကျောင်းဖွင့်လှစ်ရန် ဆောင်ရွက်ထားရှိမှုအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသား/သူ (၁၀၂) ဦးအတွက် ကျောင်းဝတ်စုံများ၊ ဖျာနှင့် ခြင်ထောင်များ၊ အားကစားပစ္စည်းများ၊ သင်ခန်းစာစာအုပ်များနှင့် စာရေးကိရိယာများအပြင် သင်တန်းသား တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့်လည်းကောင်း၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းသားများအတွက် စားစရိတ်ထောက်ပံ့ငွေကျပ် (၅၀၀၀၀၀/-) ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။