ထီးချိုင့်မြို့တွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ထီးချိုင့် ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း သခင်မြမောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးပြေဦးမှ မူးယစ်ဆေးဝါး သမိုင်းကြောင်းနှင့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲပါကဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးဆိုင်ရာ ထိခိုက်လာနိုင်မည့် ဆိုးကျိုးများကို အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကြီးကြပ် ဦးယဉ်ထွေးမှ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ရေးအတွက် သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ သွေးလန့်သည့်လက္ခဏာများ၊ ကျောင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများ၊ ရဲမှူးပြေဦးနှင့် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်းသိရပါသည်။

ရဲလင်းထွန်း (ထီးချိုင့်)