ကျွန်းလှမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းနိုင်ရေး ကွင်းဆင်းဆွေးနွေး

ကျွန်းလှ ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရွာသီ‌ကျေးရွာအုပ်စု၊ သံဘိုကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းနိုင်ရေး ကွင်းဆင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး ပညာရေးဌာန၊ ကျေးလက်‌ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့က ဌာနအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် သံဘိုကျေးရွာ ပြည်သူများက ဓါတ်မြေဩဇာ‌ဈေးနှုန်းများ ကြီးမြှင့်နေမှုအပေါ် အခြားနည်းလမ်းဆောင်ရွက်နိုင်မှု၊ ဆရာ/ဆရာမများ ဖြည့်ဆည်းပေးနိုင်ရေး၊ ကျေးရွာတာဝန်ခံခန့်ထားရေးတို့ကို တင်ပြကြရာ တာဝန်ရှိများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 အဆိုပါ ဆွေးနွေးပွဲသို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ဆရာ၊ ဆရာမများ၊ ကျေးရွာနေပြည်သူများ၊ စုစုပေါင်း ၈၀ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ