ညောင်လေးပင်မြို့နယ်တွင် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ရိတ်သိမ်းခြင်းနှင့် သမန်းမွှေကိရိယာဖြင့်ထွန်ယက်ရေး သရုပ်ပြပွဲကျင်းပ

ညောင်လေးပင် ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်ရိတ်သိမ်းခြင်းနှင့် သမန်းမွှေကိရိယာဖြင့် ထွန်ယက်ရေးသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လေးအိမ်စုကျေးရွာရှိ ဦးအောင်ဖြိုးဝေ၏ လယ်ကွက်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ပြီး အသီးအနှံများလဲ အထွက်တိုးလာမည်ဖြစ်ကြောင်း၊ သစ်စိမ်းမြေသြဇာသည် သဘာဝမြေသြဇာဖြစ်၍ စိုက်ပျိုးသီးနှံများအတွက် အစားအစာဘေးအန္တရာယ်ကင်းရှင်းကြောင်း၊ နှစ်စဉ်စိုက်ပျိုးပါက ဓာတုမြေသြဇာများကို လျှော့ချသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ကိုင်ရှည်လက်တွန်းထွန်စက် လူထိုင်စီး၍ သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းကို စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းဆွေ၏ဦးဆောင်မှုဖြင့် စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက ထွန်ယက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ရိတ်သိမ်းခြင်းနှင့်သမန်းမွှေကိရိယာဖြင့် ထွန်ယက်ခြင်းသရုပ်ပြပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းယုန်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ် (ပြန်ဆက်)